“မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျနော်တို့ လီဆူ တိုင်းရင်းသားတွေ အခြား အခြားသော လူတွေအားလုံးက နိုင်ငံသား စိစစ်ရေးကဒ်ပြားတွေ ရကြတော့ ကျနော်တို့ ကယားပြည်နယ်က လူတွေ မရတာဘာကြောင့်လဲဆိုတာ သိချင်တယ်လို့ ပြောချင် တယ်” ဟု ဦးစိုးမိုးဝင်း ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။
လက်ရှိတွင် ကယားပြည်နယ်တွင်းနေထိုင်သော လီဆူလူမျိုးအများစုမှာ နိုင်ငံသား သက်သေခံကဒ်ပြား (အစိမ်းရောင် သုံးခေါက်ချိုး) ကို ကိုင်ဆောင်ထားကြပြီး နိုင်ငံသားစိစစ်ရေးကဒ် (ပန်းရောင်) သို့ ပြောင်းလဲပေးစေလိုခြင်းဖြစ်သည်။
ယခင်က လီဆူတိုင်းရင်းသားများကို နိုင်ငံသားကဒ် အစိမ်းရောင် သုံးခေါက်ချိုးမှ ပန်းရောင် နိုင်ငံသားစိစစ်ရေးကဒ် သို့ ပြောင်းလဲပေးမှုများရှိခဲ့သော်လည်း အစိုးရအဆင့်ဆင့် ပြောင်းလဲလာသည့် နောက်ပိုင်းတွင် သုံးခေါက်ချိုးကိုသာ ကိုင်ဆောင်စေကြောင်း လီဆူ အမျိုးသမီး ဒေါ်ဟယ်လင်က ဆိုသည်။
“အခုနောက်ပိုင်းတက်လာတဲ့ လူတွေကတော့ မရတော့ဘူး။ သူတို့က သုံးခေါက်ချိုးပြန်ရတယ်” ဟု ဒေါ်ဟယ်လင်က ဆိုသည်။
ကယားပြည်နယ်တွင်းနေထိုင်သော လီဆူတိုင်းရင်းသားများကို သက်သေခံကဒ်ပြား (သုံးခေါက်ချိုး) အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဝန်ထမ်း ဦးစီးဌာနမှ လီရှောလူမျိုးဟု ဖြည့်သွင်းထားကြောင်းလည်း ဦးစိုးမိုးဝင်းက ပြောသည်။
ကယားပြည်နယ်အတွင်းရှိ လီဆူလူမျိုးများကို လီရှော လူမျိုးဟု သတ်မှတ်ထားသည့်အတွက် တချို့ကို ယာယီသက်သေခံ ကဒ်ပြား (white card) ကိုသာ ထုတ်ပေးပြီး အချို့သော လဝက ဝန်ထမ်းများ၏ အဂတိ လိုက်စားမှုကြောင့် အစိမ်းရောင် သုံးခေါက်ချိုး ကဒ်ပြားများ ရရှိသူများရှိခဲ့ကြောင်း ကရင်နီလူငယ်များ သမဂ္ဂ (UKSY) မှ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က ဆိုသည်။
“လီရှော ဆိုတဲ့ အမည်ဆိုရင် မြန်မာနိုင်ငံရဲ့ ၁၃၅ မျိုးသော စာရင်းထဲမှာ မဝင်တဲ့အတွက် နိုင်ငံခြားသားအဖြစ်နဲ့ သတ်မှတ်ပြီးတော့ white card (ယာယီ သက်သေခံ ကဒ်ပြား) သာ ထုတ်ပေးခဲ့တယ်” ဟု ကိုကျော်ထင်အောင်က ဆိုသည်။
လီဆူတိုင်းရင်းသားများသည် ကယားပြည်နယ်တွင်နေထိုင်လာသည်မှာ နှစ်ပေါင်း ၁၀၀ ဝန်းကျင်ခန့် ရှိခဲ့ပြီဖြစ်ကြောင်း ဦးစိုးမိုးဝင်းက ပြောသည်။
ကယားပြည်နယ်တွင် လီဆူလူမျိုးများသည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာအုပ်စု အတွင်းရှိ အိုင်စန့်ကျေးရွာ၊ တနောင်ညွတ်ကျေးရွာ၊ ခုတ်လော ကျေးရွာတို့တွင် နေထိုင်ကြပြီး လူဦးရေ ၄၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။







