ကျောက်ဖြူ၊ စနဲမြို့ အနီးတစ်ဝိုက်ကို ကမ်းတက်ထိုးစစ်ဆင်ရန် စစ်အုပ်စု ကြိုးပမ်းနေ

ကျောက်ဖြူ၊ စနဲမြို့ အနီးတစ်ဝိုက်ကို ကမ်းတက်ထိုးစစ်ဆင်ရန် စစ်အုပ်စု ကြိုးပမ်းနေ

အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့နှင့်အနီးတစ်ဝိုက်ကို ယခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်သည် ရေတပ်အင်အားဖြည့်တင်းပြီး ကမ်းတက် ထိုးစစ်ဆင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

မေ ၁၀ ရက်၊ နံနက် ၇ နာရီတွင် ကျောက်ဖြူသံဇစ်မြစ်ကနေ စနဲမြို့ဘက်အခြမ်းရှိ ဒေသအခေါ် အဝတောင်သို့ စစ်သင်္ဘော ကမ်းထိုးစစ်ရေယာဉ်ဖြင့် စစ်အုပ်စုလိုက် တပ်ဖြန့်ကာ ကမ်းတက်ရန် ကြိုးပမ်းခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

“ စစ်သင်္ဘောတွေ ကမ်းထိုးစစ်ရေယာဉ်ပေါ်မှာ စစ်သားတွေတင်ပြီးတော့ တောင်မော်ကြီး ရေတပ်စခန်း ဘက်ကနေ အဝတောင်ဘက်ကို ကမ်းတက်ဖို့ ကြိုးစားလာတာ။ ဒါကြောင့် AA နဲ့ တိုက်ပွဲအတော်လေး ဖြစ်ခဲ့တယ် ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်သင်္ဘော အုပ်စုကို အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ကမ်းကပ်ခွင့်မရဘဲ သံဇစ်မြစ်ဘက်သို့ ဆုတ်ခွာသွားခဲ့သော်လည်း ညနေ ၅ နာရီခန့်တွင် ဒရုန်းများဖြင့် စနဲမြို့အနီးတစ်ဝိုက်ကို ဗုံးကြဲခဲ့ကြောင်း သိရသည်။

ဓညဝတီ ရေတပ်ဌာနချုပ် လက်အောက်ခံ တောင်မော်ကြီး ရေတပ်စခန်းသည် ကျောက်ဖြူမြို့ပေါ်မှ အဖြောင့်မိုင် ၁၇ မိုင်ခန့်အကွာ၊ တောင်ဘက်တွင် ရှိပြီး စနဲမြို့သည် တောင်မော်ကြီးရေတပ် စခန်းမှ ၅ မိုင်ကျော်ခန့်အကွာတွင် တည်ရှိသည်။

လက်ရှိတွင် စစ်အုပ်စုနှင့် အာရက္ခတပ်တော်တို့သည် ကျောက်ဖြူမြို့၏ တောင်ဘက် ၁၀ မိုင် ခန့် အကွာရှိ သိုင်းချောင်း၊ ဇိုင်ချောင်းအနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်နေသည်။

ယင်းကြောင့် ယခုအခါ စစ်အုပ်စုက တောင်မော်ကြီး ရေတပ်စခန်းကို အသုံးပြု၍ စနဲဘက်သို့ ကမ်းတက်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း စစ်ရေးစောင့်ကြည့်နေသူ ဒေသခံများက ပြောသည်။

“ ကျောက်ဖြူတိုက်ပွဲနဲ့ ပတ်သက်ပြီး AA ကို အလယ်မှာ ညှပ်တိုက်ဖို့အတွက် စနဲဘက်ကို ကမ်းတက်ဖို့ ကြိုးစားတာလို့ ထင်တယ်။ ကျောက်ဖြူမြို့နယ် ပတ်ပတ်လည်ဟာ ပင်လယ် ဝိုင်းနေတာမို့ စနဲမြို့ဘက်ကိုသာ ကမ်းတက်နိုင်ခဲ့ရင် အရင် တိုက်ပွဲဖြစ်နေတဲ့ နေရာက AA တပ်ဖွဲ့ဝင်တွေဟာ ပိတ်မိသွားမယ့် သဘောမျိုး ဖြစ်နေတယ် ” ဟု စစ်ရေးအခြေအနေသိရှိသူ ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက သုံးသပ်သည်။

အခြားတစ်ဖက်တွင် ကျောက်ဖြူတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အကျအရှုံး များနေသောကြောင့် AA တပ်ဖွဲ့ဝင်များကို အာရုံလွှဲရန် စနဲဘက်အခြမ်းသို့ စစ်မြှူခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

စစ်အုပ်စုသည် ယခုအခါ စနဲနှင့် အနီးတစ်ဝိုက်ကို ကမ်းတက်ရန် ကြိုးပမ်းမှု၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် အနီးတစ်ဝိုက် ကျေးရွာများမှ ဒေသခံများအပါအဝင် စစ်ဘေးရှောင်များမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် AA သည် ယခင်က ၎င်းတို့ ဆုတ်ခွာပေးခဲ့ရသော နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်ထားပြီး စစ်အုပ်စုဘက်ကလည်း အင်အားအလုံးအရင်း ဖြည့်တင်းကာ ၎င်းတို့၏ တပ်ရင်းဌာနများတွင် ဖြန့်ကျက်ထားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လက်ကျန်အဆုံးအဖြတ်တိုက်ပွဲများကို လာမည့် ၂၀၂၇ ခုနှစ် မကုန်ဆုံးမီ လက်စသတ် အောင်ပွဲခံမည်ဟု ပြီးခဲ့သည့် ဧပြီ ၁၀ ရက်တွင် ပြောဆိုထားသည်။

ယင်းနောက်ပိုင်း စပြီး ကျောက်ဖြူမြို့နယ်တွင် စစ်အုပ်စုသည် စစ်ရေးပြင်ဆင်အားဖြည့်မှုများ ပို၍ ရှိနေကြောင်း ပြောနေကြသည်။

ပုံစာ - ၂၀၁၈၊ ဖေဖော်ဝါရီ ၂ ရက်က ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ရေးလေ့ကျင့်မှုတစ်ခု ။ ဓာတ်ပုံ – EPA/EFE

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...