စစ်တောင်းမြစ်ကမ်းပါးပြိုကျသဖြင့် ရွာ ၆ ရွာပြောင်းရွှေ့နေရပြီး ရွာအချို့ပျောက်ကွယ်ခဲ့

စစ်တောင်းမြစ်ကမ်းပါးပြိုကျသဖြင့် ရွာ ၆ ရွာပြောင်းရွှေ့နေရပြီး ရွာအချို့ပျောက်ကွယ်ခဲ့
စစ်တောင်းမြစ်ကမ်းပါးရှိ ပြိုကျနေသည့် သာသနာ့အဆောက်အဦတစ်ခု(photo:MNA)
စစ်တောင်းမြစ်ကမ်းပါးရှိ ပြိုကျနေသည့် သာသနာ့အဆောက်အဦတစ်ခု(photo:MNA)

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်တွင် စစ်တောင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျသဖြင့် ရွာ ၆ ရွာပြောင်းရွှေ့နေရပြီး ရွာအချို့ပျောက်ကွယ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

တံတားဦး၊ ကံတော်၊ အရိုးပုံ၊ ငှက်ကျော်၊ ကံယျနှင့် အောင်ဇေယျ စုစုပေါင်း ကျေးရွာ ၆ ရွာတို့သည် လက်ရှိတွင်ပြောင်းရွှေ့နေကြဆဲဖြစ်ပြီး သဗ္ဗာန်ဆိပ်၊ ရွှေတဆုပ်၊ စာဖြူစုနှင့် မမောက်ကျေးရွာများ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မမောက်ကျေးရွာနေ ဒေါ်ကြည်နုက “ပြောင်းရွှေ့ဖို့ဆိုတာက ပြောင်းစရာနေရာမှမရှိတော့ ဘယ်လိုလုပ်ပြောင်းမှာလဲ။ ပင်လယ်ပြိုတာနီးလာတော့မှပဲ  ဖြစ်သလိုနဲ့ ပြောင်းပြီးတော့ နေသွားရမှာပေါ့၊ အခုပြောင်းဖို့ကလည်း ကျောင်းသားတွေနဲ့ ဘယ်လိုလုပ်ပြောင်းလို့ရမလဲ။ မိုးလင်းတဲ့အခါ ပင်လယ်ကြီးကိုကြည့်လိုက် ညဘက်ကျဆိုရင်  တဝုန်းဝုန်းပြိုလိုက်နဲ့  ဘယ်လိုပြောင်းရမှန်းမသိ။ ညအချိန်ဆိုရင်  ပင်လယ်ပြိုတဲ့အသံကြားနေရတာ  စိုးရိမ်တယ်။ အိပ်မပျော်ဘူး”ဟု ပြောသည်။

ထို့ပြင် လယ်ယာမြေဧကမြောက်များစွာ  ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ လုံခြုံသည့်နေရာကို ရွာသားများ အုပ်စုအလိုက်ပြောင်းရွှေ့သွားရကြောင်း၊ စားဝတ်နေရေးအဆင်ပြေသူအချို့ မြို့ပေါ်ပြောင်းရွှေ့ကြသော်လည်း အဆင်မပြေသူအများအပြား ပြောင်းရွှေ့ရန် အခက်အခဲကြုံတွေ့နေရဆဲပင် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံ ကိုဌေးအောင်က “ကျွန်တော်တို့ ဖြစ်စေချင်တာက ဒီမှာရှိနေတဲ့ပြည်သူတွေ ဘယ်လိုဒုက္ခခံစားနေရသလဲဆိုတာ ကွင်းဆင်းစစ်ဆေးပြီးတော့မှ နေရာချပေးသင့်တယ် ။ ကမ်းပြိုပြီးမှ ချပေးမယ်ဆိုရင် ကျွန်တော်တို့ ဘယ်သွား သွားရမှန်းလဲမသိဘူး။ အခု ကျွန်တော်တို့ အခက်အခဲကြုံနေရတယ်”ဟု ဆိုသည်။

သက်ဆိုင်ရာလူမှုကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေးဦးစီးဌာနမှ တစ်အိမ်ထောင်စုကို ငွေကျပ်တစ်သိန်းနှင့် ဆပ်ပြာခွက်၊ သွားတိုက်ဆေး၊ ရေခွက်အပါအဝင် ပစ္စည်း ၁၀ မျိုးထောက်ပံ့ပေးခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

မမောက်ကျေးရွာအုပ်ချုပ်ရေးမှုး ဦးလှငွေ က“အုပ်ချုပ်ရေးအပိုင်းတွေရော ပြန်လည်ထူထောင်ရေးအပိုင်းတွေရော အခက်အခဲတွေ  ဖြစ်လာတယ်၊ ဥပမာ ကျေးရွာအတွက်  စကားတစ်ခွန်းပြောရမယ်ဆိုရင်တော့ သုံးရွာလောက်ကွဲနေရင် သုံးရွာလောက် သွားပြောနေရတယ်။ အရင်က တစ်အုပ်စုထဲရှိနေတော့ ကျေးရွာဖွံံဖြိုးရေးအတွက် လုပ်ကိုင်ရတာ လွယ်ကူတယ်”ဟု ဆိုသည်။

အလားတူ စစ်တောင်း မြစ်ကမ်းပါး ပြိုကျမှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကသစ်ခုံ ကျေးရွာရှိ အိမ်ထောင်စု ၃၆၈ စုသည် ၂၀၁၅ ခုနှစ်ခန့်က ရွာလုံးကျွတ်ပြောင်းရွှေခဲ့ရပြီး လယ်ယာမြေဧက ၆,ဝဝဝ ကျော် ပါရှိသွားခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့သည်။

May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...