မြန်မာ-အိန္ဒိယနယ်စပ်စစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးများ ထပ်မှန်ဖမ်းဆီးရမိ

မြန်မာ-အိန္ဒိယနယ်စပ်စစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးများ ထပ်မှန်ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်တွင် နယ်စပ်တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကြိုတင်သတင်းသိရှိချက်အရ အိန္ဒိယနိုင်ငံဖက်သို့ ဖြတ်ကူးရန် ရောက်ရှိလာသူ မီဇိုးလူမျိုးသုံးဦးအား ရှာဖွေစစ်ဆေးခဲ့ရာ ကျပ်ငွေ ၁၈ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူကို ဇူလိုင် ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပိုင်ရှင်ဟုယူဆရသော မူးယစ်ဆေးဝါးသယ်ဆောင်လာသူ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကြမ်ဖိုင်းခရိုင်၊ ဇိုးခေါထားရ်ကျေးရွာနေ အသက် (၂၈) အရွယ် မောင်ထလျန်ဖိုင်းနှင့် ခရီးသည်အကြိုပို့လုပ်ကိုင်သူ အိုက်ဇောလ်မြို့တွင်နေထိုင်သူနှစ်ဦး အသက် (၂၆) နှစ်အရွယ် မောင်လားလ်ရမ်းရွတ်သာ နှင့် အသက် (၄၂) နှစ်အရွယ် အမျိုးသမီး မဇိုးလောမ်မီးတို့ သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Facebook စာမျက်နှာတွင် ဖော်ပြသည်။

အဆိုပါ ဘိန်းဖြူပိုင်ရှင်ဟု ယူဆရသောသူများထံမှ (၁၀) ဂရမ်ခန့်စီပါသော ဆပ်ပြာခွက်နှစ်ခွက်တွင် ထုပ်ထားသည့် ၁၈ သိန်းကျော်ခန့် တန်ဖိုးရှိ ဘိန်းဖြူကို နယ်စပ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၄င်းမူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် မောင်ထလျန်ဖိုင်း၊ မောင်လားလ်ရမ်းရွတ်သာနှင့် မဇိုးလောမ်မီး(ခ)မားအော်မီး (၃)ဦး တို့အား ဥပဒေအရအရေးယူပေးပါရန် နယ်စပ်တံတားဂိတ်မှ ရဲအုပ်သန်းဇော်မှ တရားလိုပြုလုပ်ကာ တိုင်တန်းလာပြီး ရိခေါဒါရ်မြို့ နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ဇော်ဇော်ကျော်မှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဥပဒေပုဒ်မ မယ(ပ) ၂ / ၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉ (က) / ၂၀ (ခ)အရ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့က နယ်စပ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ အဆိုပါ ချစ်ကြည်ရေးတံတားပေါ်မှတဆင့် တစ်ဖက်အိန္ဒိယနိုင်ငံဖက်သို့ ဖြတ်ကူးနေသည့် မသင်္ကာဖွယ်လူတစ်ဦးအား ရှာဖွေစစ်ဆေးရာ ဘိန်းဖြူ (၁၀) ဂရမ်ကို ဖမ်းဆီး ခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပါအဝင် နယ်စပ်ဒေသကုန်သွယ်မှု ဖွံ့ဖြိုးတိုက်တက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် မီဇိုရမ်လူငယ်အသင်း(CYMA) နှင့် ကလေးမြို့အခြေစိုက် အထက် ချင်းတွင်းလူငယ်များ ကွန်ယက်( UCYN) တို့ Memorandum of Understanding (MoU) နားလည်မှုစာချွှန်လွှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ယခုလို နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးများ မကြာခဏဆိုသလို ဖမ်းဆီးလာသည်။

ယင်း နားလည်မှုစာချွှန်လွှာတွင် အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တရားမဝင် သယ်ဆောင် လာသော မူးယစ်ဆေးဝါးများ တိုက်ဖျက်နိုင်ရေး၊ မူယစ်ဆေးဝါးနဲ့ပတ်သက်သည့် သတင်းအချက်အလက်များ အပြန်အလှန် သတင်းပေးပို့ရေးတို့ကို ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး လိုအပ်ပါက နယ်စပ်ဒေသများကို အစဉ်တစိုက် ကြည့်ရှု လေ့လာ သွားရန်ဟူ၍ ပါရှိသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...