ချင်းပြည်နယ် ရဲဌာန၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် ပြည်သူအများစု စိတ်ကျေနပ်မှုမရှိဟု စစ်တမ်းတစ်ခုတွင်ဖော်ပြ

ချင်းပြည်နယ် ရဲဌာန၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် ပြည်သူအများစု စိတ်ကျေနပ်မှုမရှိဟု စစ်တမ်းတစ်ခုတွင်ဖော်ပြ
(ဓာတ်ပုံ - Internet)
(ဓာတ်ပုံ - Internet)

ချင်းပြည်နယ် ရဲဌာန၏ ဝန်ဆောင်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် ချင်းပြည်သူအများစုက စိတ်ကျေနပ်မှုမရှိကြောင်း ချင်းပြည်နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အစိုးရမဏ္ဍိုင်သုံးရပ်အပေါ် ချင်းပြည်နယ်အတွင်းရှိ ပြည်သူများ၏ အမြင် သုတေသနစစ်တမ်းတွင် ဖော်ပြထားသည်။

ချင်းပြည်နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အစိုးရမဏ္ဍိုင်သုံးရပ်အပေါ် ချင်းပြည်နယ်အတွင်းရှိ ပြည်သူများ၏ အမြင် သုတေသနစစ်တမ်းကို အာရုဏ်ဦး လူမှုဖွံ့ဖြိုးရေးအသင်း နှင့် ချင်းတောင်ဒေသ သဘာဝသယံဇာတစောင့်ကြည့်ရေးအဖွဲ့ (CNRWG) တို့မှ ချင်းပြည်နယ် (၉) မြို့နယ်အတွင်း လေ့လာပြုစုထားခြင်းဖြစ်ပြီး လေ့လာမှု၏ ခြုံငုံသုံးသပ်ချက်အရ ဒေသခံလူထု၏ (၅၁) ရာခိုင်နှုန်းသည် ရဲဌာန၏ လုပ်ငန်းဆောင်ရွက်မှုအပေါ်တွင် “လုံးဝစိတ်ကျေနပ်မှုမရှိ’’ ကြောင်း သုတေသနစစ်တမ်းတွင်ဖော်ပြထားသည်။

ရဲဌာနများအနေဖြင့် ပြည်သူလူထုအတွက် အချိန်ကိုက်ဆောင်ရွက်ပေးမှုအားနည်းနေခြင်း၊ မှုခင်းတစ်ခုခုဖြစ်ပေါ်လာပါက အားကောင်းသူနှင့် အားနည်းသူရှိကာ ဘက်လိုက်မှုရှိခြင်းတို့ကြောင့် ရဲဌာနအပေါ် သံသယဖြစ်စေခဲ့ကြောင်း (CNRWG) ဒါရိုက်တာ ဦးလျန်တွောင်ကပြောသည်။

“ပြည်သူတွေအတွက် တကယ်တန်းတာဝန်ယူရတဲ့သူတွေက လုံခြုံရေးပိုင်းမှာတာဝန်မယူတဲ့အခါကျတော့ ခြံစည်းရိုးမလုံဘူးဖြစ်သလိ်ု တာဝန်နေရာတစ်ခုလစ်ဟင်းသွားပြီဆိုရင် အဲဒီကြားထဲမှာ ပြစ်မှုဖြစ်ရင်လည်း ပြည်သူတွေက ရဲတွေကို အားမကိုးတော့ဘူး သွားရင်လည်းအယုံအကြည်မရှိတော့ဘူး’’ ဟုသူကပြောသည်။

ပြည်သူများအကြားမှုခင်းတစ်ခုခုပေါ်ပေါက်လာပါက သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြားသော်လည်း အမှန်တကယ် အရေးယူနှင့် မှန်မှန်ကန်ကန် တိတိကျကျ အချိန်နှင့်တပြေးညီလုပ်ဆောင်ပေးနိုင်မှုမရှိခြင်းတို့ကြောင့် တရားဥပဒေစိုးမိုးရေးလည်း အားနည်းမှုဖြစ်စေသည်ဟု ကိုလျန်တွောင်ကဆက်ပြောသည်။ 

သုတေသနစစ်တမ်းအရ ဒေသခံလူထု၏ ၅၁ ရာခိုင်နှုန်းသည် ရဲဌာနလုပ်ငန်းဆောင်ရွက်မှုအပေါ်တွင် “လုံးဝစိတ်ကျေနပ်မှုမရှိ” ဟုဖြေဆိုကြပြီး ၃၆ ရာခိုင်နှုန်းကသာ ကျေနပ်နှစ်သိမ့်မှုရှိသည်ဟု ဖြေဆိုကြသည်။ ကျန် ၁၃ ရာခိုင်နှုန်းမှာ ရဲဌာနလုပ်ဆောင်ချက်များကို မသိရှိကြသူများနှင့် ဆက်ဆံမှုမရှိကြသူများဖြစ်ကြောင်း သိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ချင်းပြည်နယ် ရဲဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိကြပေ။ 

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...