ညီလာခံ ၃ ရက်မြောက်နေ့တွင် နိုင်ငံရေးနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်မူဝါဒများ သဘောတူညီမှုမရ

ညီလာခံ ၃ ရက်မြောက်နေ့တွင် နိုင်ငံရေးနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်မူဝါဒများ သဘောတူညီမှုမရ
ညီလာခံ ၃ ရက်မြောက်နေ့ သတင်းစာရှင်းလင်းပွဲ(photo:MNA)
ညီလာခံ ၃ ရက်မြောက်နေ့ သတင်းစာရှင်းလင်းပွဲ(photo:MNA)

၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) ညီလာခံ ၃ ရက်နေ့မြောက် ကဏ္ဍကြီး ၅ ရပ်ဆွေးနွေးမှုများတွင်  နိုင်ငံရေးနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ၂ ခုကို သဘောတူညီမှုမရသေးကြောင်း ယမန်နေ့ (ဇူလိုင်၁၃ ရက်) ညနေပိုင်းကျင်းပသည့် ညီလာခံသတင်းစာရှင်းလင်းပွဲ၌ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် တာဝန်ရှိသူများ ပြောကြားသည်။

 “နိုင်ငံရေးကဏ္ဍမှာ  အချက် ၄ ချက်ရှိပါတယ်၊ ဆွေးနွေးရင်းနဲ့ ဟိုအစုအဖွဲ့တွေက အချက်အလက်တွေ ထပ်ဖြည့်ချင်တယ်၊ ဒီအစုအဖွဲ့ဘက်က စကားလုံးပြင်ချင်တာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ဝိဝါဒကွဲပြားလာကြတယ်၊ ဒါကြောင့် ကျနော့်အနေနဲ့ UPDJC က တင်သွင်းတဲ့အဆိုပြုလွှာကိုပဲ ညီလာခံကနေ ထပ်ဆင့်အတည်ပြုပေးဖို့ပန်ကြားတယ်၊ အစုအဖွဲ့တော်တော်များကတော့ ဒီအချက် ၄ ချက်အပေါ် သဘောတူဖို့အလားအလာရှိပါတယ်” ဟု နိုင်ငံရေးကဏ္ဍတွင် ဦးဆောင်သူ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က ရှင်းလင်းပြောကြားသည်။

မနက်ဖြန်တွင် ဆက်လက်ကျင်းပမည့် အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများတွင် နိုင်ငံရေးကဏ္ဍကို သဘောတူညီမှုရရှိနိုင်သည်ဟု ၄င်းကမျှော်လင့်သည်ဟု ဆိုသည်။

ထို့အတူ EAO တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ နည်းပညာအထောက်အကူပြုမှ ပါဝင်ဆွေးနွေးသူ နန်းဖြူဖြူလင်းက “အစုအဖွဲ့အသီးသီးက ပညာရပ်ရှုထောင့်၊ နည်းပညာရှုထောင့်ကနေ တင်ပြတဲ့စကားလုံးရှိတယ်၊ ဒါပေမယ့် နောက်ဆုံးမှာ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ အစုအဖွဲ့ ၄ ဖွဲ့က UPDJC တင်သွင်းတဲ့အချက် ၄ ချက်ကိုသဘောတူဖို့ဆုံးဖြတ်လိုက်ပေမယ့် တပ်မတော်အစုအဖွဲ့က အချက် ၂ ချက်ကို စကားလုံးတွေထပ်ထည့်မယ်၊ အဲဒီမှာ သဘောထားက ၄ ဖွဲ့ကတစ်ခု ၁ ဖွဲ့ကတစ်ခု ဖြစ်နေတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါအချက်များတွင် လိင်ကွဲပြားမှုကိုအခြေခံသော ခွဲခြားဆက်ဆံခြင်းမရှိစေရေးနှင့် တန်းတူညီမျှမှုရှိစေရေး၊ ကဏ္ဍအသီးသီးတွင် အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းရှိစေရေး၊ ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုများအား ကာကွယ်ရေးနှင့် အမျိုးသမီးများ စွမ်ဆောင်ရည်မြင့်မားရေး စသည့်အချက် ၄ ချက် ပါဝင်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အဆိုပြုသည့် စာတမ်းတွင် တွေ့ရှိရသည်။

အလားတူ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် ဦးဆောင်သူ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်စိုးက “အကြမ်းဖျဉ်းအားဖြင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့က ၂ ချက်စလုံးကို အပြည့်အဝထောက်ခံတယ်၊ နိုင်ငံရေးပါတီတွေဘက်က တလုံးနှစ်လုံးပြန်လည်ပြင်ဆင်ဖို့ကလွဲရင် လက်ခံတယ်၊ EAO ဘက်ကလည်း ယျေဘူယလက်ခံတယ် အချို့စကားလုံးကို [မနက်ဖန်]အစုအဖွဲ့အလိုက် ဆွေးနွေးပွဲကနေ သဘောတူညီချက်ကို ပြန်လည်ပေးပို့မှာ ဖြစ်တယ်” ဟု ဆိုသည်။

အဆိုပါကဏ္ဍတွင် အဓိကသဘောတူညီချက်မရရှိသေးသည့် “မြေယာများကို နိုင်ငံသားများ ပိုင်ဆိုင်ခွင့်ရှိသည်” ဟူသည့် ဝေါဟာရနှင့်ပတ်သက်၍ “နိုင်ငံသားနှင့် တိုင်းရင်းသား” အဓိပ္ပါယ် ဖွင့်ဆိုချက်ကို နောက်တစ်နေ့ကျင်းပမည့် ကျင်းပမည့် အစုအဖွဲ့ဆွေးနွေးမှုများတွင် ဆက်လက်ညှိနှိုင်းသွားမည်ဟု မွန်ပြည်သစ်ပါတီ နည်းပညာအထောက်အကူပြုအဖွဲ့မှ နိုင်ကစော့မွန်က ပြောသည်။

ယမန်နေ့ကျင်းပသည့် ကဏ္ဍအလိုက်ဆွေးနွေးပွဲများတွင် စီးပွားရေးကဏ္ဍ ၁ ချက်နှင့် လူမှုရေးကဏ္ဍ ၇ ချက်ကို အစုအဖွဲ့အားလုံး သဘောတူခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲမှ သိရသည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ MICC-2 ၌ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့ ၅ ဖွဲ့တို့က နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ ၅ ရက်ကို နေရာ ၅ ခုသီးသန့်ခွဲ၍ ဇူလိုင် ၁၃ ရက်နေ့တွင် ဆွေးနွေးခဲ့ကြောင်း ညီလာခံသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...