ရာဇာမင်းကားဓါးပြမှု အမှုမှန်ပေါ်ပေါက်ရေး ပြန်စိစစ်ရန် KUPC တောင်းဆို

ရာဇာမင်းကားဓါးပြမှု အမှုမှန်ပေါ်ပေါက်ရေး ပြန်စိစစ်ရန် KUPC တောင်းဆို
by -
ကေအိုင်စီ
ရာဇာမင်း ကားဓါးပြမှုတွင် ဖမ်းဆီးအပြစ်ပေးခံထားရသူများအတွက် အမှုမှန်ပေါ်ပေါက်ရေးကို သက်ဆိုင်ရာက ပြန်စိစစ်ပေး ရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်ဟု ကရင်အမျိုးသားငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကော်မတီဝင်(KUPC)တစ်ဦးဖြစ်သူ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ မန်းအောင်ပြည်စိုးက ကေအိုင်စီ သို့ မေလ ၈ရက်နေ့တွင်ပြောသည်။

ပြီးခဲ့သည့် မေလ ၁ ရက်မှ ၂ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဆယ်မိုင်ကုန်းရှိ၊ ရွှေပြည်ရီဆော့ဟိုတယ်၌ ပြုလုပ်သည့် KUPC ကော်မတီဝင်များ ပဥ္စမအကြိမ် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ရာဇာမင်းကားဓါးပြတိုက်မှုမှာ အခုအပြစ်ပေးခံရသူတွေက တရားခံအစစ်မဟုတ်ဘူးလို့ ကျနော်တို့သိရတယ်။ ဒီကိစ္စကို မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးလည်း သမ္မတထိ စာတင်ခဲ့ပြီးပါပြီ။ တရားခံ အစစ်အမှန်ကို ပေါ်ပေါက်ဖို့ ပြန်လည်စိစစ်ပေးပါလို့ KUPC ကိုယ်စား  ဦးအောင်မင်းကို ကျနော်က တောင်းဆိုရခြင်း ဖြစ်ပါတယ်”ဟု မန်းအောင်ပြည်စိုးက ပြောသည်။

ထိုသို ့တင်ပြတောင်းဆိုမှုအပေါ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယင်းအမှုနှင့်ပတ်သက်၍ တရားခံ အစစ်အမှန်များ ပေါ်ပေါက်စေရေးအတွက်အမှုကို ပြန်လည် စိစစ်ပေးသွားမည်ဖြစ်ကြောင်း KUPC ကော်မတီဝင်များ အား ပြန်လည်ပြောဆိုခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် ကော်မတီဝင်များ ၏ ပြောဆိုချက်များအရ သိရသည်။

လွန်ခဲ့သည့် ၂၀၁၃ခုနှစ်၊ ဇွန်လ ၈ရက်နေ့က ကျိုက္ခမီ-ရန်ကုန်သွားသည့် ရာဇာမင်း ခရီးသည်တင် မှန်လုံကား အမှတ်-၈ဇ/၁၁၁၁ အား အမည်မသိလူ ၅ဦးက ဓါးပြတိုက်ခဲ့ရာ အဆိုပါ ဓါးပြမှုနှင့်ပတ်သက်၍ မွန်ပြည်နယ်၊ သထုံခရိုင်တရားရုံးက ယခုနှစ်ဆန်းပိုင်းတွင် သထုံမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုနေ ရွာသားများဖြစ်ကြသည့် စောအောင်ထူး၊ စောဇော်ဝိတ်၊ စောမောင်ငယ်၊ စောဝင်းဗိုလ်နှင့် စောဂေးတို့ကို ပုဒ်မ ၃၉၆ ဖြင့် သေဒဏ်ချမှတ်ခဲ့သလို စောလင်းအောင်ကိုလည်း ပုဒ်မ ၃၉၆/၁၁၉ အရ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ထိုသို့ အပြစ်ပေးခံထားရသူများကို သထုံမြို့နယ်နှင့် ဝေးလံသော မြောင်းမြထောင်၊ အင်းစိန်ထောင်၊ ပြည်ထောင်၊ တောင်ငူထောင်၊ တောင်ကြီးထောင် စသည့်နေရာအသီးသီးသို့ အစိုးရက ပို့ဆောင်ထားသည့်အတွက် ထောင်ဝင်စာသွားတွေ့ရန်အတွက် အခက်အခဲများစွာရှိသည်ဟု အပြစ်ပေးခံထားရသည့်  မိသားစုဝင်များက ပြောသည်။

အပြစ်ပေးခံရသူတစ်ဦးဖြစ်သည့် စောမောင်ငယ်၏ဇနီး နော်ချိုအိက “ကျမတို့ အမျိုးသားတွေက ကားဓါးပြမှုမှာ မပါကြဘူးဆိုတာသိတယ်။ အမှန်အတိုင်း စိစစ်မယ်ဆိုရင် သူတို့ပြန်လွှတ်လာမယ်လို့ မျှော်လင့်တယ်။ ကျမတို့က အမှန်တရားပဲ လိုချင်ပါတယ်။ စားဝတ်နေရေးအတွက် ကြီးကြီးမားမားကြံုရတော့ ကလေးတွေလည်း ကျောင်းပြန်နေဖို့တော့ မလွယ်တော့ဘူး”ဟု ပြောသည်။

အဆိုပါ ကားဓါးပြတိုက်ခံရမှုနှင့် ပတ်သက်၍ အပြစ်ပေးခံထားရသူများမှာ တရားခံအစစ်မဟုတ်နိုင်သလို တရားစီရင်ရာတွင်လည်း လွဲမှားမှုများစွာရှိနေသည့်အတွက် သထုံမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အပါအဝင်ဒေသခံများက အမှုမှန်ပြန်လည်ဖော်ထုတ်ပေးရန်၊ အမှန်တကယ်ကျူးလွန်သူများကိုသာ အပြစ်ပေးရန်နှင့် အပြစ်မရှိသူများကို လွှတ်ပေးရန် နိုင်ငံတော် သမ္မတ အပါအဝင် ဝန်ကြီးဌာန ၁၀ခုသို့ အသနားခံစာပေးပို့ထားကြောင်း ဒေသခံများထံမှသိရသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...