ချင်းပြည်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲနေရာအတွက် မဲဆန္ဒနယ် နှစ်နေရာလစ်လပ်သော်လည်းပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်နယ်လွှတ်တော်နေရာကို ဒေသခံတိုင်းရင်းသားပါတီကို ဦးစားပေးသည့်အနေဖြင့် ဝင်ပြိုင်မည်မဟုတ်ပဲ ပြည်သူ့လွှတ်တော်နေရာအတွက်သာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌဒေါက်တာမှုထန်းကပြောသည်။
ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဒေါက်တာမှုန်ထန်းက “ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီကတော့ ပြည်နယ်လွှတ်တော် နေရာအတွက် ဘယ်ပြည်နယ်မဆို ဒေသခံတိုင်းရင်းသားပါတီတွေကိုဘဲဦးစားပေးမယ် ကျွန်တော်တို့ဝင်မပြိုင်ဘူး”ဟုပြောသည်။
ချင်းပြည်နယ်အတွင်း မတူပီမြို့နယ်တွင် ပြည်နယ်လွှတ်တော်နေရာနှင့် ကန်ပက်လက်မြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာ လစ်လပ်နေခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင်သာ ဝင်ပြိုင်မည်ဖြစ်သည်။
လစ်လပ်သည့် မဲဆန္ဒနယ်နှစ်နေရာအနက် တစ်နေရာတွင်သာ ဝင်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကန်ပက်လက် ပြည်သူ့လွှတ်တော်နေရာအတွက် ဦးမနားနိုင်းဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
ဦးမနားနိုင်းသည် ယခင်အစိုးရသက်တမ်းအတွင်း ကန်ပက်လက်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ကန်ပက်လက် ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဌ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင်း အဲန်အယ်ဒီပါတီမှ အများစုအနိုင်ရရှိပြီး ပြည်ခိုင်ဖြိုးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ လည်းအနှိုင်ရရှိခဲ့ကာ အခြားပါတီများ တစ်နေရာမှ အနိုင်မရရှိခဲ့ကြောင်းသိရသည်။







