JMC ဖွဲ့စည်းပြီးနောက် အပစ်ရပ်အဖွဲ့နှင့် တပ်မတော်ကြား ထိတွေ့မှု ၈၀ ရာခိုင်နှုန်းအထိ လျော့ကျလာ

JMC ဖွဲ့စည်းပြီးနောက် အပစ်ရပ်အဖွဲ့နှင့် တပ်မတော်ကြား ထိတွေ့မှု ၈၀ ရာခိုင်နှုန်းအထိ လျော့ကျလာ
by -
စိုးသူအောင်

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ  (JMC)  ဖွဲ့စည်းပြီးနောက် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ နှင့် တပ်မတော်တို့အကြားထိတွေ့မှု ၈၀ ရာခိုင်နှုန်းအထိလျော့ကျလာကြောင်း  JMC-U  အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က မဇ္စျိမသို့ပြောသည်။
 

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ၁၇  ကြိမ်မြောက် ပြုလုပ်နေသည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ  JMC-U ၏  ပုံမှန်အစည်းအဝေးအပြီး သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ရာခိုင်နူန်းနဲ့ပြောမယ်ဆိုရင်တော့ ၈၀ ရာခိုင်နူန်းလောက်ကို လျော့ကျသွားတယ်လို့ပြောနိုင်ပါတယ်” ဟု ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကဆိုသည်။

သို့သော်လည်း ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် တပ်မတော်မှလမ်းဖောက်လုပ်မှုကိစ္စနှင့်ပက်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တပ်မတော်တို့ မကြာသေးမီကထိတွေ့မှုရှိခဲ့သလို ရှမ်းပြည်ပြန်လည်ထူထောင်ရေးးကောင်စီ (RCSS/ SSA) နှင့်လည်း ထိတွေ့မှုအချို့ရှိခဲ့သေးသည်။

“ အဲ့ဒါဆိုရင် ထိတွေ့မှုကရပ်သွားပြီလားဆိုတော့ ရပ်တဲ့အထိတော့မဟုတ်သေးဘူး။ RCSS နဲ့တပ်ကြားထဲမှာထိတွေ့မှုကရှိသေးတယ်။ သို့သော်လည်း အရင်ထက်စာရင်တော့နည်းသွားတယ်” ဟု JMC-U အဖွဲ့ဝင် ဆလိုင်းယောအောင်ကပြောသည်။

NCA ထိုးပြီးကာစတွင် တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များအကြား ထိတွေ့မှုများ မကြာခဏ ရှိခဲ့သော်လည်း ယခင်ထက်လျော့ကျလာခဲ့ခြင်းဖြစ်သည်။

JMC သည်  NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းနှင့် တပ်မတော်အကြားတွင် တိုက်ပွဲများမဖြစ်ရန်နှင့် ဖြစ်ပွားခဲ့ပါက ညှိနှိုင်းဖြေရှင်းပေးရန် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခု ဖြစ်သည်။

ယခုရန်ကုန်တွင်ပြုလုပ်ခဲ့သည့်JMC၏ ၁၇ ကြိမ်မြောက်အစည်းအဝေးတွင် ရှေ့ဆက်လုပ်မည့်လုပ်ငန်းစဉ်များနှင့် JMC တွင်အရပ်သားပါဝင်မှုကိစ္စများကို ဆွေးနွေးခဲ့သည်။

အပစ်ရပ် တိုင်းရင်းသားများနှင့် တပ်မတော်ကိုယ်စားလှယ်များ ပါဝင်သည့် JMC အစည်းအဝေး ကို ဇူလိုင်လ ၃ ရက်နေ့က နေ ၅ ရက် နေ့ အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...