နှစ်လကြာ တောထဲ တိမ်းရှောင်ပြီး အောင်လော့ဒ် ရွာသား (၉)ဦး စစ်ရှောင်စခန်းကို ရောက်လာ

နှစ်လကြာ တောထဲ တိမ်းရှောင်ပြီး အောင်လော့ဒ် ရွာသား (၉)ဦး စစ်ရှောင်စခန်းကို ရောက်လာ

နောက်ထပ် တနိုင်းမြို့နယ် Awng Lawt (အောင်လော့ဒ်) စစ်ရှောင်ရွာသား (၉)ဦးသည် တောထဲတွင် နှစ်လကြာ တိမ်းရှောင် ခဲ့ရပြီးနောက် ဇွန်လ ကုန်မှသာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စစ်ရှောင်စခန်းကို ရောက်လာနိုင်ခဲ့သည်။

စစ်ရှောင် အိမ်ထောင်စု (၂)စုမှ စုစုပေါင်း (၉)ယောက် ရောက်လာပြီး ၎င်းတို့ထဲတွင် အသက် (၇၀)ကျော် အဘွား နှင့် အသက် (၈)နှစ်အရွယ် ကလေးငယ် (၂)ဦး လည်း ပါဝင်သည်။

လမ်းခရီး မကျွမ်းကျင်မှုအပြင် တပ်မတော်မှ လမ်းပိတ်ထားခြင်း၊ မြေမြုပ်မှိုင်းများကို တိမ်းရှောင်ခဲ့ရခြင်း စသည့်အခြေအနေများကြောင့် ယခုကဲ့သို့ နှောင့်နှေးခဲ့ရခြင်း ဖြစ်သည်ဟု ထပ်မံရောက်ရှိလာသော စစ်ရှောင် ဒေါ် Labya Htu San (လဗျ ထုဆန်) မှ ပြောပြခဲ့ပါသည်။

“Maji Bum တောင် ဘက်ကိုထွက်ပြေးတာဖြစ်ပေမယ့် အဲဒီဘက်နေလည်း စစ်ရှောင်တစ်ဖွဲ့ ပြန်ဆင်းလာတာ သူတို့နဲ့ ဆနီချောင်းဆုံမှာ တွေ့ကြတယ်။ အစိုးရတပ်ဘက်က အဲဒီဘက်ကို ရောက်လာပြီဆိုတော့ ကျမတို့ အဖွဲ့တွေပေါင်းပြီး အင်ဆဲန့်ချောင်းမှာ တစ်ပတ်တိတိ နေခဲ့ရပါတယ်။ လမ်းတလျှောက်မှာလည်း စပါးစိုက်သလို မြေမြုပ်မှိုင်းတွေကြား ကြောက်ကြောက်နဲ့ ကျော်ခဲ့ရတယ်။ ပြီးရင် ရေကလည်း ကြီးတော့ မျှော့တွေကလည်း တွယ်ကပ် ဆိုတော့ ပိုပြီး အခက်အခဲ ဖြစ်သွားတယ်။ Maji Bum တောင်မှာ တပ်မတော်သားတွေ မရှိတော့ဘူးဆိုတော့ အဲဒီဘက်ကို ပြန်သွားတယ်။ အဲမှာရှိနေတဲ့အချိန် ကဖန်ချောင်းက ပြန်လာတဲ့ ဦး Tinghpang Naw Ja ကို မြန်မာစစ်သားတွေက ဖမ်းဆီးခေါ်သွားလို့ သူ့ကို ရွာအထိဆင်းပြီး ပြန်လိုက်ရှာခဲ့ရတယ်။ နောက် ဘာသတင်းမှ မကြားရတော့ သူ့အတွက် ဆုတောင်းပွဲ ပြုလုပ်ပေးခဲ့သေးတယ်။”

တောထဲ ခက်ခက်ခဲခဲ (၂)လကြာ ထွက်ပြေးခဲ့ရပြီးနောက် Dum Bang (ဒွမ်ဘန်)တွင် ရောက်ရှိခဲ့ပြီး ထိုမှ တဆင့် ယခု မြစ်ကြီးနား Jaw Masat ကချင် နှစ်ခြင်းခရစ်ယာန် အသင်းတော် စစ်ရှောင်စခန်းကို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

လမ်းခရီးအတွင်း မေလ (၂၀)ကျော် မြန်မာ့တပ်မတော် ဖမ်းဆီးခေါ်ဆောင်သွားသော အသက် (၃၅)နှစ်ခန့်ရှိ ဦး Tinghpang Naw Ja (တိန့်ဖန်နော်ဂျာ) ၏ သတင်းအစအနကို ယခုချိန်ထိ မကြားရတော့ကြောင်း ပြောပါသည်။

ဧပြီလ (၁၁)ရက်နေ့မှ စတင်ပြီး Awng Lawt (အောင်လော့ဒ်) ရွာသို့ တပ်မတော်မှ ကုန်းကြောင်း၊ လေကြောင်း အပြင်းအထန် ထိုးစစ်တိုက်ခိုက်မှုကြောင့် ကျေးရွာသား ၂၀၀၀ ကျော်သည် တောထဲသို့ ထွက်ပြေးခဲ့ရသည်။

တစ်လကြာ မြန်မာစစ်တပ်၏ တားဆီးခံရပြီးနောက် စစ်ရှောင်အများစုသည် အစိုးရထိန်းချုပ်သော တနိုင်းမြို့၊ မြစ်ကြီးနားမြို့ နှင့် နမ္မတီးမြို့ များသို့ ခိုလှုံရန် ခွင့်ပြုလာခြင်းဖြစ်သည်။

ယခုုချိန် Awng Lawt (အောင်လော့ဒ်) ကျေးရွာ၌ အိမ်ခြေ (၁၀)ခန့်သာ ကျန်ရှိနေကြောင်း သိရသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...