ဆိုင်ကယ်လိုင်စင်ပြုလုပ်ရာတွင် ဒဏ်ကြေးအဆမတန်ပေးဆောင်ခိုင်းမှု မင်းတပ်မြို့ အရပ်ဖက်လူမှုအဖွဲ့များ ကန့်ကွက်

ဆိုင်ကယ်လိုင်စင်ပြုလုပ်ရာတွင် ဒဏ်ကြေးအဆမတန်ပေးဆောင်ခိုင်းမှု မင်းတပ်မြို့ အရပ်ဖက်လူမှုအဖွဲ့များ ကန့်ကွက်

ချင်းပြည်နယ်အစိုးရ၏ကြီးကြပ်မှုဖြင့် One stop service ယာဉ်လိုင်စင်ပြုလုပ်ပေးရာတွင် ဒဏ်ကြေး ငွေ အဆမတန်ကောက်ခံသည့်အပေါ် မင်းတပ်မြို့အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကန့်ကွက်ကြောင်း သိရသည်။ 

မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၈ မှ ဇူလိုင်လ ၂ ရက်နေ့အထိ လိုင်စင်မဲ့မော်တော်ယာဉ်များ ကို ဒေသနံပါတ်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခဲ့ရာတွင် ဆိုင်ကယ်ယာဉ်တစ်စီးလျင် ယာဉ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းအား ဒဏ်ကြေးအဖြစ် သတ်မှတ်ကောက်ခံသည့်အတွက် ယခုကဲ့သို့ကန့်ကွက်ရခြင်း ဖြစ်သည်ဟု မင်းတပ်မြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဆလိုင်းမာန်အွမ်ကပြောသည်။

“ကျွန်တော်တို့ မင်းတပ်မြို့မှာ အများဆုံးတောင်သူတွေပဲများတယ် စိုက်ပျိုးရာသီလည်းဖြစ်တယ် ရောဂါတွေကလည်းအလွယ်တကူဖြစ်ပွားနေတဲ့ရာသီလည်းဖြစ်တယ် ကိုယ့်သားသမီးတွေ ကိုကျောင်းပြန်ထားနေရတဲ့ အချိန်လည်းဖြစ်တယ် ငွေရေးကြေးလုံးဝ ကျပ်တည်းနေတဲ့ရာသီလည်းဖြစ်တယ် အဲလိုရာသီအခြေအနေမျိုးမှာ ကျွန်တော်တို့ ပြည်သူတွေစီကနေ ယာဉ်တစ်စီးမှာ ၂ သိန်းစီ လာယူသွားတယ်ဆိုတာက အားလုံးပါဝင်လာနိုင်အောင် ဝန်ဆောင်မှုမျိုးမဟုတ်ဘူး” ဟု ဆလိုင်းမာန်အွမ်ကပြောသည်။ 

ယာဉ်အမျိူးအစားနှင့် ထုတ်လုပ်သည့် ခုနှစ်တူသော်လည်း အခြားပြည်နယ်/တိုင်းဒေသကြီးများနှင့် မတူဘဲ ပိုမိုများပြားသော အခွန်ပမာဏများပေးဆောင်စေသည့်အပြင် ယင်းကဲ့သို့ပေးဆောင်ရာတွင် အခွန်လက်ခံပြေစာများထုတ်ပေးခြင်းလည်းမရှိကြောင်း ဇူလိုင်လ (၃) ရက်နေ့စွဲဖြင့် ထုတ်ပြန်သော မင်းတပ်မြို့အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ 

ချင်းပြည်နယ် အမှတ်(၁၆) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ဦးဘင်နီဖိုင်းကတော့ ချင်းပြည်နယ်တွင် ဒဏ်ကြေးငွေပေးဆောင်ခိုင်း သည့် ပမာဏသည် အခြားပြည်နယ်/ တိုင်းဒေသကြီးများထက် ပိုနည်းကြောင်း ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ 

“ကျန်တဲ့ပြည်နယ်တိုင်းအားလုံးကိုလေ့လာပြီးမှ ချင်းပြည်နယ်က ဆင်းရဲတယ် ခက်ခဲတယ်ဆိုပြီး ကျန်တဲ့ ပြည်နယ်တိုင်းမှာ သတ်မှတ်ထားတဲ့ကာလပေါက်စျေးထက် သတ်မှတ်ထားတဲ့နှုန်းထားထက်လျှော့ပြီးတော့ ကျနော်တို့ ချင်းကလုပ်တာပါ” ဟု ၎င်းကပြောသည်။ 

လိုင်စင်မဲ့မော်တော်ဆိုင် မှတ်ပုံတင်ပြုလုပ်ရာတွင် ဒဏ်ကြေးသတ်မှတ်နှုန်းထားမှာ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယ နှင့် ဂျပန် နိုင်ငံထုတ် ဆိုင်ကယ်ဆိုပြီး အမျိူးအစား ၅ မျိူးခွဲခြားသတ်မှတ်ကာ ဒေသပေါက်စျေးနှုန်း၏ ၅၀ ရာခိုင်နှုန်းကို ပေးဆောင်ခိုင်းခြင်းဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...