ဆိုင်ကယ်လိုင်စင်ပြုလုပ်ရာတွင် ဒဏ်ကြေးအဆမတန်ပေးဆောင်ခိုင်းမှု မင်းတပ်မြို့ အရပ်ဖက်လူမှုအဖွဲ့များ ကန့်ကွက်

ဆိုင်ကယ်လိုင်စင်ပြုလုပ်ရာတွင် ဒဏ်ကြေးအဆမတန်ပေးဆောင်ခိုင်းမှု မင်းတပ်မြို့ အရပ်ဖက်လူမှုအဖွဲ့များ ကန့်ကွက်

ချင်းပြည်နယ်အစိုးရ၏ကြီးကြပ်မှုဖြင့် One stop service ယာဉ်လိုင်စင်ပြုလုပ်ပေးရာတွင် ဒဏ်ကြေး ငွေ အဆမတန်ကောက်ခံသည့်အပေါ် မင်းတပ်မြို့အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကန့်ကွက်ကြောင်း သိရသည်။ 

မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၈ မှ ဇူလိုင်လ ၂ ရက်နေ့အထိ လိုင်စင်မဲ့မော်တော်ယာဉ်များ ကို ဒေသနံပါတ်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခဲ့ရာတွင် ဆိုင်ကယ်ယာဉ်တစ်စီးလျင် ယာဉ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းအား ဒဏ်ကြေးအဖြစ် သတ်မှတ်ကောက်ခံသည့်အတွက် ယခုကဲ့သို့ကန့်ကွက်ရခြင်း ဖြစ်သည်ဟု မင်းတပ်မြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဆလိုင်းမာန်အွမ်ကပြောသည်။

“ကျွန်တော်တို့ မင်းတပ်မြို့မှာ အများဆုံးတောင်သူတွေပဲများတယ် စိုက်ပျိုးရာသီလည်းဖြစ်တယ် ရောဂါတွေကလည်းအလွယ်တကူဖြစ်ပွားနေတဲ့ရာသီလည်းဖြစ်တယ် ကိုယ့်သားသမီးတွေ ကိုကျောင်းပြန်ထားနေရတဲ့ အချိန်လည်းဖြစ်တယ် ငွေရေးကြေးလုံးဝ ကျပ်တည်းနေတဲ့ရာသီလည်းဖြစ်တယ် အဲလိုရာသီအခြေအနေမျိုးမှာ ကျွန်တော်တို့ ပြည်သူတွေစီကနေ ယာဉ်တစ်စီးမှာ ၂ သိန်းစီ လာယူသွားတယ်ဆိုတာက အားလုံးပါဝင်လာနိုင်အောင် ဝန်ဆောင်မှုမျိုးမဟုတ်ဘူး” ဟု ဆလိုင်းမာန်အွမ်ကပြောသည်။ 

ယာဉ်အမျိူးအစားနှင့် ထုတ်လုပ်သည့် ခုနှစ်တူသော်လည်း အခြားပြည်နယ်/တိုင်းဒေသကြီးများနှင့် မတူဘဲ ပိုမိုများပြားသော အခွန်ပမာဏများပေးဆောင်စေသည့်အပြင် ယင်းကဲ့သို့ပေးဆောင်ရာတွင် အခွန်လက်ခံပြေစာများထုတ်ပေးခြင်းလည်းမရှိကြောင်း ဇူလိုင်လ (၃) ရက်နေ့စွဲဖြင့် ထုတ်ပြန်သော မင်းတပ်မြို့အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ 

ချင်းပြည်နယ် အမှတ်(၁၆) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ဦးဘင်နီဖိုင်းကတော့ ချင်းပြည်နယ်တွင် ဒဏ်ကြေးငွေပေးဆောင်ခိုင်း သည့် ပမာဏသည် အခြားပြည်နယ်/ တိုင်းဒေသကြီးများထက် ပိုနည်းကြောင်း ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ 

“ကျန်တဲ့ပြည်နယ်တိုင်းအားလုံးကိုလေ့လာပြီးမှ ချင်းပြည်နယ်က ဆင်းရဲတယ် ခက်ခဲတယ်ဆိုပြီး ကျန်တဲ့ ပြည်နယ်တိုင်းမှာ သတ်မှတ်ထားတဲ့ကာလပေါက်စျေးထက် သတ်မှတ်ထားတဲ့နှုန်းထားထက်လျှော့ပြီးတော့ ကျနော်တို့ ချင်းကလုပ်တာပါ” ဟု ၎င်းကပြောသည်။ 

လိုင်စင်မဲ့မော်တော်ဆိုင် မှတ်ပုံတင်ပြုလုပ်ရာတွင် ဒဏ်ကြေးသတ်မှတ်နှုန်းထားမှာ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယ နှင့် ဂျပန် နိုင်ငံထုတ် ဆိုင်ကယ်ဆိုပြီး အမျိူးအစား ၅ မျိူးခွဲခြားသတ်မှတ်ကာ ဒေသပေါက်စျေးနှုန်း၏ ၅၀ ရာခိုင်နှုန်းကို ပေးဆောင်ခိုင်းခြင်းဖြစ်သည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...