မော်လမြိုင်စက်မှုဇုန် ခနောက်စိမ်းစက်ရုံအနံ့ဆိုးကိစ္စ နိုင်ငံတော်အထိ တိုင်ကြားမည်

မော်လမြိုင်စက်မှုဇုန် ခနောက်စိမ်းစက်ရုံအနံ့ဆိုးကိစ္စ နိုင်ငံတော်အထိ တိုင်ကြားမည်
မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်းစက်ရုံတစ်ရုံ(ဓါတ်ပုံ -MNA)
မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်းစက်ရုံတစ်ရုံ(ဓါတ်ပုံ -MNA)

မွန်ပြည်နယ်၊ မော်လမြိုင်စက်မှုဇုန်အတွင်းရှိ ခနောက်စိမ်းသန့်စင်စက်ရုံအနံ့ဆိုးများထွက်နေသည့်အပေါ်  ပြည်နယ်အစိုးရ အရေးဆောင်ရွက်ပေးခြင်းမရှိသောကြောင့် လာမည့်အပတ်တွင် လူထုဆန္ဒကောက်ခံ၍ နိုင်ငံတော်အဆင့်ထိ တိုင်ကြားသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ခံစားနေရတာ ပြည်နယ်အစိုးရကို အကြိမ်ကြိမ်တိုင်ကြားခဲ့တယ်၊ ဘာမှ မလုပ်ပေးဘူး၊ ဒီလာမယ့်အပတ်ဆိုရင် လူထုဆန္ဒကောက်ခံပွဲလုပ်မယ်၊ နေပြည်တော်အထိတင်မယ်၊ နိုင်ငံ တော်ကနေဖြေရှင်းပေးတာမျိုးမရှိဘူးဆိုရင် ဆန္ဒထုတ်ဖော်မယ်” ဟု ခနောက်စိမ်းစက်ရုံအနီးရှိ We Mon စက်ရုံပိုင်ရှင် ဦးဇော်နိုင်ဦးက ပြောသည်။

စက်ရုံမှ ထွက်ရှိသောအနံ့ဆိုးများ ရှုရှိုက်မိသဖြင့် ခေါင်းဆိုးခြင်း၊ အာခေါင်ခြောက်ခြင်း၊ ခေါင်းမူးခြင်းအပြင် မြက်ပင်များ ညှိနွမ်းပြီး စက်ရုံအနီးရှိ ရေတွင်းများလည်း အသုံးပြုမရတော့ကြောင်း အနီးအနားပတ်ဝန်းကျင် နေထိုင်သူများက ဆိုသည်။

“စက်ရုံကနေ ထွက်လာတဲ့အနံ့၊ ဖုန်မှုန့်တွေထွက်နေလို့ အရင်က မိုးရေကို သောက်သုံးနေတာ အခုသုံးလို့ မရတော့ဘူး၊ အနံ့ရတာနဲ့ ခေါင်းမူး၊ အာခေါင်ခြောက်ပြီးတော့ ရေငတ်လာတယ်၊ အန္တရာယ်အများကြီးရှိနေတယ်၊ သက်ဆိုင်ဌာနက လာစစ်ဆေးနေပေမယ့် ဘာမှမထူးခြားလာဘူး” ဟု စက်ရုံအနီးနေထိုင်သူ နိုင်သိန်းဟန်က ပြောသည်။

မြန်မာဆန်းဇော် ခနောက်စိမ်းသန့်စင်စက်ရုံမှ လေထုထိန်းချုပ်မှုကိရိယာကို အဆင့်မြင့်ကိရိယာ ပြန်လည်တပ်ဆင်ရန်နှင့် မြန်မာရှင်းရှင်း ခနောက်စိမ်းသန့်စင်စက်ရုံ၏ အငွေ့ကို အလွယ်တကူစစ်ဆေးနိုင်ရန်အတွက် မီးခိုတိုင်ကို အပေါက််ဖောက်ပေးရန် လွန်ခဲ့သည့် မတ်လ (၇) ရက်နေ့က ညွှန်ကြားထားကြောင်း မွန်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

“ဒီအနံ့က ဒီပတ်ဝန်းကျင်မှာရနေတယ်ဆိုရင် စက်ရုံထဲမှာအနံ့က ပိုပြီးတော့ ရဖို့ကောင်းတယ်၊ စက်ရုံထဲမှာဝင်ကြည့်ဖို့ ကျနော့်ကို ခေါ်သွားတယ်၊ သွားဝင်ကြည့်တော့ ကျွန်တော် အဲဒီအနံ့မရဘူး၊ စက်ရုံက ဘယ်လိုပဲ လုံအောင်ပိ်တ်ထား ဒီစက်ရုံက ထွက်တဲ့အနံ့ဖြစ်လို့ရှိရင် စက်ရုံနဲ့နီးတဲ့ဝန်းကျင်မှာ ဒီအနံ့ရကိုရရမယ်” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ဒေသခံများရနေသည့်အနံ့ဆိုးသည် ခနောက်စိမ်းသန့်စင်စက်ရုံမှ ထွက်ရှိလာခြင်း ဟုတ်၊ မဟုတ်ကို သက်သေအတိအကျ ပြသရန်လိုအပ်ကြောင်း ၄င်းက ဆက်ပြောသည်။

မော်လမြိုင်စက်မှုဇုန်တွင် ခနောက်စိမ်းသန့်စင်စက်ရုံ (၆) ရုံရှိပြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှု(EMP) အစီရင်ခံစာတင်ပြခဲ့သည့် စက်ရုံ ၃ ရုံကို ၂၀၁၇ နှစ်ကုန်ပိုင်းမှစတင်၍ စမ်းသပ်လည်ပတ်ခွင့်ပြုထားကြောင်း သတင်းမှတ်တမ်းအရ သိရသည်။

 

မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...
January 15, 2026
မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက်...