မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါပြဿနာ ပိုမိုကြီးထွားလာဟုဆို

မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါပြဿနာ ပိုမိုကြီးထွားလာဟုဆို
မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး(Photo-MNA)
မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး(Photo-MNA)

မူးယစ်ဆေးဝါး ပြဿနာသည် လျော့ကျမသွားသည့်အပြင် ပိုမိုကြီးထွာလာသည်ဟု မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ယနေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခန်းအနား၌ မိန့်ခွန်းပြောကြားသည်။

“အဓိကကျတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်တွေ တာဝန်ရှိသူတွေ ဘယ်လိုပဲ လုပ်ဆောင်နေသော်လည်း ဒီကနေ့အထိ မူးယစ်ဆေးဝါးကိစ္စ ဒီပြဿနာ ဒီစိန်ခေါ်မှုတွေက ပြည်သူလူထုနဲ့ မွန်ပြည်နယ်ကြားမှာ ပိုတိုးလာတာကို တွေ့နေရတယ်၊ အဲလိုမျိုး သူတို့လဲ ဝန်ခံထားကြတယ်။ ဆိုလိုတာက အစိုးရအနေနဲ့ စီမံကိန်းအမျိုးမျိုး လုပ်နေသော်ငြားလည်း ပျောက်သွားတယ်၊ လျော့သွားတယ်၊ စိတ်ချရတဲ့အနေအထားကတော့ အခုချိန်ထိ မရောက်သေးဘူး” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

တိုးတက်သောမွန်လူငယ်အစည်းအရုံး MYPO မွန်လူငယ်ပညာပေးအဖွဲ့  MYEO မော်လမြိုင်တက္ကသိုလ်မွန်လူငယ်အဖွဲ့၊ မော်လမြိုင်နည်းပညာတက္ကသိုလ်မွန်လူငယ်အဖွဲ့၊ မုဒုံမြို့နယ် မွန်လူငယ်အဖွဲ့၊ ကျိုက်မရောမြို့နယ် မွန်လူငယ်အဖွဲ့နှင့် ပေါင်မြို့နယ် မွန်လူငယ်အဖွဲ့တို့ပူးပေါင်းပါဝင်သော မွန်လူငယ်အဖွဲ့ (၆) ဖွဲ့မှ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခန်းအနားကို မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် MYPO ဒုဥက္ကဋ္ဌ မိမရော့စွမ်းကလည်း “မူးယစ်ဆေးဝါးသုံးစွဲမှုက တဖြည်းဖြည်းနဲ့ မွန်ပြည်နယ်ထဲကို စီးဆင်းလာတယ်။ မူးယစ်ဆေးဝါးသုံးစွဲတဲ့အနေအထားက အရမ်းကို များပြားလာတဲ့အတွက် တချို့မိဘတွေက ဒါဟာ ဖြစ်ရိုးဖြစ်စဉ်လိုပဲ သဘောထားလာကြတယ်” ဟု ပြောသည်။

မွန်ပြည်နယ်တွင် အသက်အပိုင်းခြားမရွေး မူးယစ်ဆေးဝါးသုံးစွဲသည့်သူများ ရှိနေပြီး အမျိုးသမီးနှင့် ပညာသင်ကြားနေသော သံဃာတော်တွေလည်း စမ်းသပ်သုံးစွဲနေပြီဟု MYPO ၏ အစီရင်ခံစာကို ကိုးကား၍ မိမရော့စွမ်းက ဆက်ပြောသည်။

“မူးယစ်ဆေးဝါး ဖမ်းဆီးတဲ့နေရာမှာ အစိုးရကဝန်ထမ်းတွေ လုံလုံလောက်လောက် ချထားဖို့ လိုအပ်တယ်” ဟု အခန်းအနားတက်ရောက်သူ မုဒုံမြို့နယ် နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှုးက ဆိုသည်။

အဆိုပါ အခန်းအနားကို ဒေသအသီးသီးမှ လူငယ်များနှင့် ပြည်သူလူထု (၂၅၀) နီးပါးတက်ရောက်ပြီး ဆွေးနွေးမှုပုံစံအပြင်၊ ပညာပေးပြဇာတ်နှင့် မွန်အဆိုတော်တို့၏ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ပညာပေးတေးသီချင်း ဖျော်ဖြေမှုများဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။

အလားတူ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်နယ် မူးယစ်အထူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခန်းအနား၊ မူးယစ်ဆေးဝါးပညာပေးပြခန်းတို့ကို မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မေလအတွင်းက ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်ရှိ အကျဉ်းသား ၆၅ ရာခိုင်နှုန်းသည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံနေရသူများဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...
January 15, 2026
မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက်...