TNLA ၊ AA နှင့် MNDAA တို့ကို ၂၁ ပင်လုံအစည်းအဝေး ဖိတ်ကြားရန် အစိုးရနှင့်တပ်မတော်ကြား ညှိနှိုင်းသွားမည်

TNLA ၊ AA နှင့် MNDAA တို့ကို ၂၁ ပင်လုံအစည်းအဝေး ဖိတ်ကြားရန် အစိုးရနှင့်တပ်မတော်ကြား ညှိနှိုင်းသွားမည်
by -
ဇေယျာမော်
နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (ဓာတ်ပုံ-မင်းမင်း(နေပြည်တော်)
နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (ဓာတ်ပုံ-မင်းမင်း(နေပြည်တော်)

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် တအာင်းလွတ်မြောက်ရေးအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)နှင့် ကိုးကန့်အဖွဲ့ (MNDAA)တို့ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးအား တက်ရောက်ရန် ဖိတ်ကြားရေး အစိုးရနှင့် တပ်မတော်ကြားညှိနှိုင်းရဦးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

“၀၊ မိုင်းလား၊ SSPP၊ KIA ဒါကတော့ဖိတ်မှာပေါ့။ ဟိုသုံးဖွဲ့မှာတော့ ကျွန်တော်တို့ ထပ်ပြီးတော့ ညှိဖို့ ရှိသေးတယ်။  အဲ့သုံးဖွဲ့နဲ့ ပတ်သက်လို့တော့ ဘယ်လိုလာမလဲဆိုတာတော့ ကျွန်တော်တို့က အတိအကျတော့ မပြောနိုင်သေးဘူး” ဟု ဇွန် ၂၅ ရက်က နေပြည်တော်ရှိ NRPC ရုံးတွင် ပြုလုပ်သည့်  UPDJC အတွင်းရေးမှူး အစည်းအဝေးအပြီးတွင် မီဒီယာများကို ဦးဇော်ဌေးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

တတိယအကြိမ်မြောက်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးအား ဇူလိုင် ၁၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ကြားရန် မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်သည်ဟု ဦးဇော်ဌေးက ဆိုသည်။

တအာင်းလွတ်မြောက်ရေးအဖွဲ့(TNLA)ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးတာအိုက်ကျော်က မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များ အားလုံးကို ဖိတ်ကြားမှသာ ညီလာခံတက်ရောက်ရန်ဆုံးဖြတ်ထားသည့် မူချမှတ်ထားသည်ဟု မဇ္စျိမ၏ဆက်သွယ် မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

“အစည်းအဝေးတွေ ဘာတွေဖိတ်ကြားလာလို့ရှိရင် အားလုံးပါမှ တက်မယ် ဆိုပြီး မူဝါဒချမှတ်ထားတာရှိတယ်။ အဲ့ဒီအတိုင်းပဲ သွားမှာပါ” ဟု တအာဝ်းလွတ်မြောက်ရေးအဖွဲ့(TNLA)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

၂၁ ရာစုပင်လုံအစည်းအဝေးကို ယခင်ကျင်းပစဉ်က ငါးရက်တာ ပြုလုပ်လေ့ရှိပြီး ယခုကျင်းပမည့် အစည်းအဝေးကိုမူ လေးရက်ကျင်းပရန် ရည်ရွယ်ထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှ သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် ဒုတိယအကြိမ်အစည်းအဝေးတွင် အကျပ်အတည်းဖြစ်ခဲ့သည့် တန်းတူရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ကိစ္စရပ်များ ၊ ခွဲမထွက်ရေး ကိစ္စရပ်များကို ယခုအကြိမ်  အစည်းအဝေးတွင် ဆွေးနွေးခြင်း ပြုလုပ်မည်မဟုတ်ဘဲ ၂၁ ရာစု ပင်လုံအစည်းအဝေး ပြီးမှသာ ဆက်လက်ဆွေးနွေးရန် သဘောတူညီထားကြောင်း ဦးဇော်ဌေးက မီဒီယာများကို ဖြေဆိုခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို (၆) လ တစ်ကြိမ် ကျင်းပရန် သဘောတူညီ ထားသော်လည်း ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် ၊ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်သာ ကျင်းပနိုင်ခဲ့သည်။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...