၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်နေ့တွင်စတင်ကျင်းပရန် UPDJC အတွင်းရေးမှူးများဆုံးဖြတ်

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်နေ့တွင်စတင်ကျင်းပရန် UPDJC အတွင်းရေးမှူးများဆုံးဖြတ်
(၂၁) ကြိမ်မြောက် UPDJC အတွင်းရေးမှူးများ အစည်းအဝေး(ဓါတ်ပုံ -Hla Mg Shwe)
(၂၁) ကြိမ်မြောက် UPDJC အတွင်းရေးမှူးများ အစည်းအဝေး(ဓါတ်ပုံ -Hla Mg Shwe)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းကို လာမည့် ဇူလိုင် ၁၁ ရက်နေ့တွင် စတင်ကျင်းပရန် ဇွန်လ ၂၄ ရက်နေ့က (၂၁) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မီတီ UPDJC အတွင်းရေးမှူးများ အစည်းအဝေး၌ ဆုံးဖြတ်ထားကြောင်း အစည်းအဝေးတက်ရောက်သူများထံမှ သိရှိရသည်။  

UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦးက “အဓိက ညီလာခံဘယ်ရက်တွေမှာလုပ်ဖို့ UPDJC ကိုတင်ပြဖို့အတွက် ရက်တွေသတ်မှတ်တယ်၊ ညီလာခံက ဇူလိုင် ၁၁ ရက်နေ့မှာကျင်းပဖို့ ကျနော်တို့အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းခဲ့ကြတယ်” ဟု ဆိုသည်။

အဆိုပါ ညှိနှိုင်းရရှိခဲ့သည့် ညီလာခံကျင်းပမည့်ရက်ကို လာမည့် ဇွန်လ ၂၉ ရက်နေ့တွင် ကျင်းပမည့် UPDJC အစည်းအဝေးသို့ တင်ပြ၍အတည်ပြုချက်ရယူမည်ဟု ၄င်းကပြောသည်။

“ညီလာခံမှာ လုံခြုံရေးကဏ္ဍကိုလည်း ဘယ်လိုဆွေးနွေးကြမလဲ၊ ဘယ်လိုဆွေးနွေးသင့်သလဲပေါ့၊ အဲဒီကိစ္စမှာတော့ အကြေအလည်တော်တော်လေးဆွေးနွေးလိုက်ရတယ်” ဟု မင်းဇေယျာဦးက ဆက်ပြောသည်။

ထို့အတူ ညီလာခံသုုိ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးဖိတ်ကြားမည်ဖြစ်ကြောင်း မူအားဖြင့် သဘောတူထားသော်လည်း မြောက်ပိုင်းမဟာမိတ် TNLA ၊ AA နှင့် MNDAA ၃ ဖွဲ့တို့ကို ဖိတ်ကြားသင့်၊ မသင့်ကို အစိုးရနှင့်တပ်မတော်တို့ ညှိနှိုင်းရဦးမည်ဟု ဆိုသည်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အထူးသဖြင့် လုံခြုံရေးနဲ့ ပက်သက်လို့ လုပ်ငန်းကော်မတီမှာ အချို့ကို ဆွေးနွေးသွားမယ်။ ဆွေးနွေးတဲ့ဟာကလည်း EAOs တိုင်းရင်းသား လက်နက်ကိုင်နဲ့ တပ်မတော် အလွတ်သဘော ဆွေးနွေးပွဲမှာ သဘောတူညီတဲ့အချက်တွေအပေါ် အခြေခံပြီး ဆွေးနွေးမယ်”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံရေးကဏ္ဍတွင် ခွဲမထွက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာကိစ္စရပ်များကို ယခုကျင်းပမည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် ဆွေးနွေးဦးမည်မဟုတ်ဟု သိရသည်။

ယခုကျင်းပပြုလုပ်ခဲ့သည့် UPDJC အတွင်းရေးမှူးအစည်းအဝေးတွင် ဆုံးဖြတ်ချက် ၁၅ ခုချမှတ်ခဲ့ပြီး ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ နေပြည်တော် MICC2 အဆောက်အဦ၌ လုပ်ငန်းကော်မတီအစည်းအဝေးများ ဆက်လက်ပြုလုပ်၍ ရရှိလာမည့်ဆုံးဖြတ်ချက်များကို UPDJC အစည်းအဝေးသို့ ဆက်လက် တင်ပြသွားမည်ဖြစ်သည်။

 

May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...