စစ်တပ်နှင့် ကရင် BGF ပူးပေါင်း၍ မွန်ပြည်သစ်စခန်းငယ်တစ်ခုဝင်ရောက်ရှင်းလင်း၊ မွန်အလံတိုင်ကိုခုတ်လှဲဖြတ်

စစ်တပ်နှင့် ကရင် BGF ပူးပေါင်း၍ မွန်ပြည်သစ်စခန်းငယ်တစ်ခုဝင်ရောက်ရှင်းလင်း၊ မွန်အလံတိုင်ကိုခုတ်လှဲဖြတ်
ခုတ်လှဲဖြတ်ထားသည့် အလံတိုင်နေရာ(photo:MNA)
ခုတ်လှဲဖြတ်ထားသည့် အလံတိုင်နေရာ(photo:MNA)

အင်အား ၅၀ ခန့်ရှိ မြန်မာစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF (နံပါတ်မသိ)တို့ ပူးပေါင်း၍ ဇွန်လ ၂၃ ရက် နေ့လည်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကနားလိုကျေးရွာအနီးရှိ မွန်ပြည်သစ်ပါတီ စခန်းငယ်တစ်ခုကို ဝင်ရောက်ရှင်းလင်းစဉ် မွန်အလံတိုင်အား ခုတ်လှဲဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ အလံတိုင်အားခုတ်လှဲလိုက်ပြီးနောက် ၄င်းအလံတိုင်ရှိ မွန်ပြည်သစ်အလံကို ကနားလိုအုပ်ချုပ်ရေးမှူးထံ အပ်နှံထားသည်ဟု အမည်မဖော်လိုသည့် ကနားလိုရွာသားတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“သူတို့အားလုံးက မြန်မာစစ်တပ်ယူနီဖောင်းနဲ့ဆိုတော့ ဗမာစစ်တပ်သက်သက်ပဲထင်နေတာ၊ ရွာမှာနေတဲ့ ကရင်တွေက သိနေတယ်၊ သူတို့အသိတွေထဲက BGF တွေလည်း ပါလာတယ်လို့ပြောတယ်” ဟု ၄င်းက ဆိုသည်။

ကြိုတင်သတင်းရရှိသဖြင့် အင်အား ၁၀ ဦးဝန်းကျင်ခန့်ရှိ မွန်ပြည်သစ်တပ်ဖွဲ့များ ထိုနေ့နံနက်တွင် စခန်းမှထွက်ခွာခဲ့သဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် သေနတ်သံမကြားရဟု ဒေသခံများက ပြောသည်။

မွန်ပြည်သစ်စခန်းမှ ကျည်ဆံအချို့နှင့် အသုံးအဆောင်ပစ္စည်းအချို့ ဆုံးရှုံးခဲ့သည်ဟု သတင်းပြန့်နှံ့နေသော်လည်း မွန်ပြည်သစ်ပါတီက အတည်မပြုပေ။

သို့ရာတွင် အဆိုပါ မွန်ပြည်သစ်စခန်းကို ဝင်ရောက်ရှင်းလင်းရန် ကျိုက်မရောမြို့အခြေစိုက် ခမရ(၂၀၈) သို့ အမိန့်ပေးထားခြင်းမရှိကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်က မွန်ပြည်သစ်ပါတီကို အကြောင်းကြားခဲ့သည်ဟု အမည်မဖော်လိုသည့် မွန်ပြည်သစ်အရာရှိတစ်ဦးက ဆိုသည်။

အစိုးရနှင့် မွန်ပြည်သစ်ပါတီ ၂၀၁၂ ခုနှစ် Bilateral သဘောတူညီချက်အရ ကနားလိုရွာအနီး ပိန္နဲတောင် (ခန့်မှန်းမြေပုံအညွှန်း LT-723 845) သည် မွန်ပြည်သစ်၏ တပ်တည်စခန်းအဖြစ် သတ်မှတ်ထားကြောင်း ၄င်းတို့၏သဘောတူညီချက် မှတ်တမ်းအရ သိရသည်။

မွန်ပြည်သစ်ပါတီသည် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးသော်လည်း တပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S တွင်ပါဝင်ရန် တစ်ဆို့မှုဖြစ်နေကြောင်း တွေ့ရှိရသည်။

May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...