ကချင်စစ်ရှောင်များကို ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်မှ စေ့ငှအောင်မထောက်ပံ့နိုင်

ကချင်စစ်ရှောင်များကို ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်မှ စေ့ငှအောင်မထောက်ပံ့နိုင်
by -
မေထွယ်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ကချင်ပြည်နယ်စစ်ရှောင်များကို ငွေကြေးထောက်ပ့ံသည့်အစီစဉ်မှာ စခန်းတွင်းရှိ လူအရေအတွက်အတိုင်း ထောက်ပံ့နေသည့်အတွက် စစ်ရှောင်ပြည်သူများအားလုံး မရရှိနိုင်ကြောင်း စစ်ရှောင်ပြည်သူအချို့က ပြောသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်ကစစ်ဘေးဒုက္ခသည်များကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တစ်ဦးကို တစ်လလျှင် ငွေကျပ် တစ်သောင်းသုံးထောင် ထောက်ပံ့ပေးနေသည်။ ယင်း ငွေကြေးထောက်ပံ့မှုကို အိမ်ထောင်စုလူဦးရေအတိုင်းမဟုတ်ဘဲ လာရောက်စစ်ဆေးချိန် စခန်းတွင်းရှိလူစာရင်းအတိုင်း ပေးနေသည့်အတွက် စစ်ရှောင်စခန်းမှ ပြည်သူများ ရပ်ဝေးသို့ အလုပ်မလုပ်ကိုင်နိုင်ကြောင်း ဂျန်မိုင်ခေါင်းစစ်ရှောင်စခန်းမှ ဒေါ်ဂျာနန်ဆိုသည်။

"ကျွန်မတို့လည်း ကလေးတွေကို ပြည့်ပြည့်စုံစုံမကျွေးနိုင်ဘူးပေါ့။ မကျွေးနိုင်ဘူးဆိုတာ ကျွန်မတို့အပြင်မှာရှာလို့လည်း ပြန်မရ။ နေ့စား ဥပမာ တစ်ပတ်လောက်မှာ တစ်ရက်လောက်သွားလို့ရတဲ့ပိုက်ဆံကိုကျ ဒီကလေးတွေ ကျွန်မတို့လိုမျိုး ကလေးများတဲ့လူဆို ပိုပြီးတော့မှ ဆိုးတာပေါ့" ဟု ဒေါ်ဂျာနန်က ပြောပြသည်။

ကချင်စစ်ရှောင်စခန်းမှ မိခင်များသည် ထောက်ပံ့ငွေတစ်ခုတည်းဖြင့် မလုံလောက်နိုင်သောကြောင့် ကလေးများ၏ ပညာသင်စရိတ်၊ အသုံးစရိတ်များအတွက် အပြင်ထွက်အလုပ်လုပ်နေရသည်ဟု စစ်ရှောင်စခန်းမှ ဒေါ်ဘောက်ဂျာက ပြောသည်။

"ကျွန်မတို့ စားသောက်ဖို့ကို WFP ကပေးပါတယ် ။ဒါပေမယ့် အဲ့ဒါကမလောက်ဘူး။ ကျွန်မတို့မှာကစားရေးတစ်ခုတည်းမဟုတ်ဘူးကလေးတွေရဲ့ ပညာရေးကုန်ကျစားရိတ်ကရှိသေးတယ်။ ဟင်းစားဆိုရင်လည်းတောမှာကစိုက်စားခူးစားတယ် အခုဒီမှာကျ ဝယ်စားရတယ် ။ဝယ်စားရရုံမဟုတ်ပဲ ကလေးတွေ အတွက် ပညာရေးက ကျူရှင်တွေဘာတွေထားရတော့ ကျွန်မတို့မှာငွေရေးကြေးရေးအနေနဲ့ အရမ်းကိုအခက်အခဲဖြစ်နေတာပါ" ဟု ဒေါ်ဘောက်ဂျာ က ပြောပြသည်။

စစ်ရှောင်စခန်းရှိမိသားစုများတွင် ဖခင်များနှင့် အရွယ်ရောက်သူများက ဖားကန့်၊ တနိုင်း၊ တရုတ်ပြည် စသည်တို့ကို သွားရောက်လုပ်ကိုင်ကြရကြောင်း ဂျန်မိုင်းခေါင်းစစ်ရှောင်စခန်းတာဝန်ခံ သိက္ခာတော်ရ ဦးထွယ်အောင် ဆိုသည်။ ထိုကဲ့သို့ အလုပ်လုပ်ကိုင်ရာတွင် တရုတ်ပြည်သို့ လူကုန်ကူးခံရမှုများလည်း ကြုံတွေ့ရသူများလည်း ရှိနေသည်။

"နည်းနည်းကြီးလာတဲ့ မိန်းကလေးတွေက အလုပ်လိုချင်တဲ့အတွက် အလုပ်လိုက်ရှာရင်းနဲ့ အဲဒီကနေတစ်ဆင့် လူကုန်ကူးခံရတာတွေများပါတယ်" ဟု တရားလွှတ်တော်ရှေ့နေဒေါ် ဒွဲဘူက ပြောသည်။

ကချင်ပြည်နယ်အစိုးရမှ စစ်ရှောင်စခန်းများအတွက် အရင်းအနှီးမတည်ငွေများကို အရင်းမပျောက်ချေးငွေစနစ်ဖြင့် ထောက်ပံ့နေကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင် က ဆိုထားသည်။

"တချို့ camp(စခန်း) ကြီးတွေကို ၇၅ သိန်းထောက်ပ့ံတယ်။ တချို့ camp အသေးတွေကို ဆရာတို့ သိန်း ၅၀ ထောက်ပံ့တယ်" ဟု ဒေါက်တာသင်းလွင်က ပြောသည်။

လွန်ခဲ့သည့်ခုနှစ်နှစ်က စစ်ရှောင်စခန်းရှိ ပြည်သူတွေကို ပြန််လည်ထူထောင်ရေးကျေးရွာများဆီ ပြောင်းရွေ့နိုင်ရန် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ပူးပေါင်းကူညီထောက်ပံ့နေသည်ဟု ဒေါက်တာသင်းလွင်က ဆက်ပြောသည်။ စစ်ရှောင်အိမ်ထောင်စုတစ်ထောင်ခန့်ကို ပြန်လည်ထူထောင်ရေးကျေးရွာများတွင် နေရာချထားပေးပြီးဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်၌ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ရှိနေပြီး ၄င်းတို့အနက် လေးသောင်းကျော်သည် အစိုးရအုပ်ချုပ်ရာ ဒေသများတွင် ရှိနေသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...