UNHCR ထုတ်ပြန်ချက် နယူးဒေလီရောက် ဒုက္ခသည်များဆိုင်ရာအဖွဲ့များ ကန့်ကွက်

UNHCR ထုတ်ပြန်ချက် နယူးဒေလီရောက် ဒုက္ခသည်များဆိုင်ရာအဖွဲ့များ ကန့်ကွက်

မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့တွင် ရောက်ရှိနေကြသည့် ချင်းလူမျိူးများကို ဒုက္ခသည်အဖြစ် ခိုလုံခွင့်ပြုတော့မည်ဟုတ် ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ထုတ်ပြန်ချက်အပေါ် အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်းများက ကန့်ကွက်သည်ဟုသိရသည်။

ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာလုံးဆိုင်ရာဒုက္ခသည်များနေ့ကို အိန္ဒိယနိုင်ငံရောက် ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းများက နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြပြီး ချင်းလူမျိူးများအပေါ် UNHCR ၏ ထုတ်ပြန်ချက်ကို ဆန့်ကျင် ကန့်ကွက်ကြကြောင်း Myanmar Refugee Organization (MRO) အထွေထွေအတွင်းရေးမှူးမှူး Zo Sang Len ကပြောသည်။

“ချင်းသက်သက်မဟုတ်ဘဲ ကချင်၊ ရခိုင်၊ ဗမာ ဒုက္ခသည်အကုန်လုံးကိုခေါ်ပြီးတော့ ဆွေးနွေးခဲ့ကြတယ်။ အဓိကတော့ ကျနော်တို့ Refugee တွေ ဘယ်လို ဆက်လက်နေထိုင်နိုင်မလဲ၊ လူအများရဲဆန္ဒက ဘယ်လို လိုချင်သလဲ၊ ဘယ်လိုမျိုးကြိုက်သလဲ။ အများသဘောတူညီချက်အရ UNHCR ရဲ့ ထုတ်ပြန်ချက်ကို ဆန့်ကျင်ကြတာဖြစ်ပါတယ်၊ UN ရဲ့ ဆုံးဖြတ်ချက်ကို ငြင်းဆန်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ UN ရဲ့ ဆုံးဖြတ်ချက်က ဘာဘဲဖြစ်ဖြစ် Rights အနေနဲ့ ကြည့်မယ်ဆိုရင် ကာယကံရှင်နဲ့ မတိုင်ပင်ဘဲ အပေါ်ကနေတိုက်ရိုက်ဆုံးဖြတ်ချက် ချတယ်ဆိုတာ လုံးဝမမှန်ပါဘူးဆိုတဲ့ အတိုင်းအတာမျိုးနဲ့ ငြင်းဆန်ပါတယ်” ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်တွင် နိုင်ငံရေး၊ လူမှုရေး နှင့် လုံခြုံရေးအခြေအနေ တိုးတက်မှုများရှိလာခြင်း ကြောင့် မလေးရှားနှင့် အိန္ဒိယနိုင်ငံသို့ရောက်ရှိနေကြသည့် ချင်းလူမျိူးများကို ဒုက္ခသည်အဖြစ် ခိုလုံခွင့်ပေးတော့မည်မဟုတ်ကြောင်း UNHCR ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းကိစ္စကို အိန္ဒိယနှင့် မလေးရှားနိုင်ငံသို့ရောက်ရှိနေကြသည့် ဒုက္ခသည်များဆိုင်ရာ ချင်းအဖွဲ့အစည်းများကို ခေါ်ယုံတွေ့ဆုံအသိပေးခဲ့ပြီး ထုတ်ပြန်ချက်ကိုလည်း ပေးအပ်ခဲ့သည်ဟု သိရသည်။

UNHCR ၏ ထုတ်ပြန်ချက်တွင် ဒုက္ခသည်များအနေဖြင့် ရွေးချယ်စရာနည်းလမ်း ၂ ခုရှိပြီး ပထမတစ်ခုမှာ လက်ရှိကိုင်ဆောင်ထားသော UN Register Card ကို ၂၀၁၉ ဒီဇင်ဘာလ (၃၁) အထိ ကိုင်ဆောင်ခွင့်ပေးမှာဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီလ (၁) ရက်နေ့တွင် အဆိုပါ Card သည် အလိုအလျောက် ရပ်ဆိုင်းခံရမည်ဖြစ်သည်။

ဒုတိယတစ်ချက်မှာ နိုင်ငံတကာ၏အကာကွယ်ပေးမှု ဆက်လက်လိုအပ်သေးသည်ဟု မိမိကိုယ့်ကိုယူဆလျင် UNHCR နဲ့ တွေ့ဆုံမေးမြန်းခြင်းခံယူရမည်ဖြစ်ပြီး နှစ်လအတွင်း အကြောင်းပြန်ကြားမည်ဖြစ်သည်။ ယင်းအကြောင်းပြန်ကြားချက်ပေါ်မူတည်ပြီး ယခုလက်ရှိနေထိုင်သည့်နိုင်ငံတွင် ဆက်နေဖို့ဖြစ်စေ၊ တတိယနိုင်ငံကိုထွက်ခွါ ဖို့ဖြစ်စေ၊ မြန်မာနိုင်ငံကို ပြန်ဖို့ဖြစ်စေ ဆုံးဖြတ်သွားရမည်ဖြစ်သည် ဟုသိရသည်။

Myanmar Refugee Organization (MRO) ဥက္ကဌ ကိုထွေးက “ မနေ့ကမှ ခေါင်းဆောင်တွေက အစည်းအဝေးကနေ ပြန်လာတာ ဆိုတော့ တကယ်အောက်ခြေထိ ရှင်းရှင်းလင်းလင်းသိဖို့ အရေးကြီးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူက ရွေးချယ်စရာနှစ်ခု ပေးထားတယ်လေ အဲဒါတွေ လူတိုင်းက ရှင်းရှင်းလင်းလင်းသိမှ ဆုံးဖြတ်လို့ရမှာဖြစ်တယ်” ကိုထွေးက ပြောပါတယ်။

အလားတူ ချင်းဒုက္ခသည်အများစု နေထိုင်သည့် မလေးရှားနိုင်ငံ ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းများဖြစ်ကြသော Alliance Of Chin Refugee (ACR), Chin Refugee Committee (CRC), Dai Community in Malaysia (DAI), Falam Refugee Oraganization (FRO), Zomi Association Of Malaysia (ZAM), Chin Human Right Organization (CHRO) စသည့် အဖွဲ့အစည်းခေါင်းဆောင်များနှင့် အသင်းတော်လူကြီးများ ဇွန်လ ၂၁ ရက်နေ့ တွင် တွေ့ဆုံဆွေးနွေးသွားကြမည်ဟု သိရသည်။

Most read this week

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...