၂၁ပင်လုံ (တတိယအကြိမ်)တွင် ဖက်ဒရယ် နိုင်ငံရေးနှင့်လုံခြုံရေးကိစ္စများ ဆွေးနွေးမှုအားနည်းနိုင်

၂၁ပင်လုံ (တတိယအကြိမ်)တွင် ဖက်ဒရယ် နိုင်ငံရေးနှင့်လုံခြုံရေးကိစ္စများ ဆွေးနွေးမှုအားနည်းနိုင်
by -
အောင်မြတ်သူ

တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး ၊ စီးပွားရေး၊ မြေယာကဏ္ဍ နှင့် လူမှုရေးကဏ္ဍ စသည့် ကဏ္ဍ ငါးခုကို ဆွေးနွေးရာတွင် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဖက်ဒရယ်ကိစ္စများ အားနည်းနိုင်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး (ငြိမ်း) က ပြောသည်။
 

“ဒီလာမယ့် တတိယအကြိမ်ညီလာခံမှာ ဖယ်ဒရယ်နဲ့ပတ်သက်ပြီး တော့မှ နိုင်ငံရေးကဏ္ဍဘက်က ဖယ်ဒရယ်ကို ထင်ဟပ်နိုင်တဲ့ အနှစ်သာရရှိတဲ့ အနေအထားမျိုးကခေါင်းစဉ်က နည်းနည်း အားနည်းပါတယ်။ ပြန်တင်ပြရရင် တိုင်းရင်းသားလူနည်းစုများရဲ့အခွင့်အရေးကို အကာကွယ်ပေးခြင်းနဲ့ ဒီမိုကရေစီအခွင့်အရေး အခြေခံ လူ့အခွင့်အရေးနဲ့ ကျားမတန်းတူညီမျှမှုရေးဆိုတဲ့ ခေါင်းစဉ်လောက်ပဲ ဆွေးနွေးမယ်ဆိုတဲ့အခါကြတော့ ဖယ်ဒရယ်ကို ထင်ဟပ်နိုင်မယ့် ခေါင်းစဉ်မျိုး နိုင်ငံရေးကဏ္ဍဘက်မှာ အားပျော့ပါတယ်”ဟု ၄င်းက ပြောသည်။

ယမန်နေ့ ဇွန်လ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဗဟိုဌာနတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစု ပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီဆိုင်ရာများ ၊ အစိုးရ ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့များရဲ့ ကြိုတင်ပြင်ဆင်မှု အလုပ်ရုံဆွေးနွေးပွဲ အဖွင့်နှုတ်ခွန်းဆက် စကားတွင် ဦးခင်ဇော်ဦးက ပြောခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးကဏ္ဍဘက်တွင်လည်း တစ်ခုတည်းသော တပ်မတော်ဆိုသည့် အယူအဆကို EAOအဖွဲ့အစည်းများ အနေဖြင့် လက်ခံနိုင်ရန် အတွက် အလွတ်သဘောတွေ့ဆုံမှုများကို လေးကြိမ်ခန့် လုပ်ခဲ့ပြီး နောက်ဆုံး တစ်ကြိမ်တွင် တစ်ခုတည်းသော တပ်မတော် ထားရှိရေးကို Universal Truth အရ လက်ခံထားရှိပေမယ့် အဆိုပါ တပ်မတော်ထားတွင် ရှိရမည့်အချက်များကိုတော့ EAOအဖွဲ့များနှင့် ထပ်ပြီးဆွေးနွေးရဦးမယ်လို့ ဦးခင်ဇော်ဦးက ဆက်ပြောသည်။

“အဲ့တော့ သူတို့လိုချင်တဲ့ လုံခြုံရေးဆိုင်ရာအခြေခံမူများဆိုတဲ့ အချက် ၁၁ ချက်ကတစ်ခုရှိပါတယ်။ ၇ ချက်ကတစ်ခုရှိပါတယ်။ အဲ့ဒါတွေကိုလည်း တစ်ခုတည်းသောတပ်မတော်ဆိုတာကို လက်ခံမယ်ဆိုရင် ဒီဟာတွေကိုဆွေးနွေးမယ်လို့အဆိုပြုထားကြပါတယ်”ဟု ၄င်းကပြောသည်။

ထို့အတွက်ကြောင့် လာမည့် တတိယအကြိမ် ၂၁ပင်လုံညီလာခံတွင် လုံခြုံရေးကဏ္ဍဆွေးနွေးမှုသည် လုံးဝ မပါနိုင်သည့် အခြေအနေမျိုးမရှိပဲ အဆိုပါကဏ္ဍတွင် အချက် ၃ချက်၊ ၄ချက်ခန့် ဆွေးနွေးနိုင်ပေမယ့် ဖက်ဒရယ်၏ ပုံသဏ္ဍာန်ကို ထင်ဟပ်စေမည့် အချက်မျိုး ဖြစ်လာနိုင်တယ်လို့ ဦးခင်ဇော်ဦးက ဆက်ပြောပါတယ်။

“ ကျွန်တော်တို့ တစ်ခုတည်းသော တပ်မတော်ဆိုတာကိုပဲ ပြောမှာ ဖြစ်တဲ့အတွက်ကြောင့် ဖယ်ဒရယ် တပ်မတော်ဆိုတဲ့ ပုံသဏ္ဍာန်မျိုးဟာ ပေါ်လာဖို့ကို နည်းနည်းလေး ဒီတစ်ကြိမ်မှာတော့ မပေါ်လာနိုင်သေးပါဘူး။ ဒါကြောင့် ကျွန်တော် အထူးပြုတင်ပြလိုတာက စီးပွားရေးကဏ္ဍရယ်၊ လူမှုရေးကဏ္ဍရယ်၊ မြေယာကဏ္ဍရယ် မှာတော့ ဖယ်ဒရယ်ပုံသဏ္ဍာန်ပေါ်လာနိုင်မယ့်ခေါင်းစဉ်မျိုးကို အထူးပြုပြီး စုစည်းဆွေးနွေးပေးပါလို့ ကျွန်တော် တင်ပြလိုပါတယ်”ဟု ၄င်းကပြောသည်။

ယမန်နေ့တွင်ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၁၉ရက်မှ ၂၁ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး တတိယ ပင်လုံညီလာခံကျင်းပမည့်ရက်ကို အစိုးရဘက်မှ ဇွန်လ ၃ဝရက်တွင် ကျင်းပရန် အဆိုပြုထားပြီး EAO အဖွဲ့များဘက်မှ ဇူလိုင်လ ၁ဝရက်ဝန်းကျင်တွင် ကျင်းပရန် အဆိုပြုထားသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...