ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် မိမိကျေးရွာကို စွန့်ခွါကာ တစ်ခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ချင်းပြည်သူများသည် ကူညီထောက်ပံ့မှုလိုအပ်လျက်ရှိပြီး ယခုကဲ့သို့ ကျောင်းဖွင့်သည့်ကာလတွင် အထူးလိုအပ်သည်ဟု ပလက်ဝမြို့နယ်လူမှုကူညီရေးပရဟိတအဖွဲ့မှ အတွင်းရေးမှူး ကိုကျော်အောင်ကပြောသည်။
“သူတို့ထွက်ပြေးခိုလုံနေကြတဲ့ ကျေးရွာမှာရှိတဲ့ကျောင်းတွေမှာ ကျောင်းပြန်တက်ကြပါတယ်၊ မိဘတွေကလည်း သားသမီးတွေကျောင်းတက်နိုင်ဖို့အတွက် ပိုမိုရုန်းကန်ရတာပေါ့ မူလတန်းအထိတော့ အဲလောက်ထိပြသနာ မဟုတ်သေးဘူး အလယ်တန်း၊ အထက်တန်းဆိုရင်တော့ သူတို့ကျောင်းထားနိုင်ဖို့အရေးက မိမိတွေအတွက်စိန် ခေါ်မှုဖြစ်နေတာပေါ့’’ ဟု ကိုကျော်အောင် ကပြောသည်။
ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာမှ အိမ်ခြေ ၆၇ အိမ် လူဦးရေ ၃၃၄ ဦးတို့သည့် ရှင်းလက်ဝကျေးရွာတွင်၎င်း၊ ပီတောင်ကျေးရွာမှ အိမ်ခြေ ၁၅ အိမ် လူဦးရေ ၇၀ ဦးတို့သည် မီးဇာကျေးရွာတွင်၎င်း၊ ကူချောင်းဖျားကျေးရွာမှ အိမ်ခြေ ၁၆ အိမ် လူဦးရေ ၇၁ ဦးတို့သည် ဇဉ်ဘောင်းပြင် ကျေးရွာတို့တွင် ထွက်ပြေးခိုနေကြရဆဲဖြစ်သည်။
ကုန်ပြင်စစ်ဘေးရှောင်ထဲတွင် ကျောင်းနေရွယ် မူလတန်းဦးရေ ၆၁ ဦး၊ အလယ်တန်း ၂၉ ဦး၊ အထက်တန်း ၇ ဦး၊ ပီတောင် စစ်ဘေးရှောင်ထဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦး နှင့် ကူချောင်းဖျားစစ်ဘေးရှောင်ထဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးရှိသည်ဟု ပလက်ဝမြိုနယ် လူမှုကူညီရေးပရဟိတ၏ စာရင်းအရသိရသည်။
“သူတို့လည်း ဒီတိုင်းထိုင်မနေကြပါဘူး ရှာနေကြတာပါပဲ ရရာအလုပ်ကို ဒါပေမယ့် ကိုယ့်နေရာဒေသမဟုတ်တဲ့အခါမှာ သူတို့အတွက်တော်တော်လေးအခက်အခဲရှိတယ် အလှူရှင်တွေဘက်ကလည်း ဥပမာ ၅လ ၆ လ အဲလိုမျိူး တိတိကျကျ သူတို့ကို ကူညီပံ့ပိုးမယ့်ဟာက မရှိတော့လေ သူတို့အတွက် ပိုပြီးအခက်အခဲဖြစ်စေတာပေါ့’’ ဟု ကိုကျော်အော င်ကပြောသည်။
ချင်းပြည်နယ်အစိုးရအနေဖြင့် စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးအတွက် ထောက်ပံ့မှုများရှိနေသော်လည်း ကျောင်းသူ၊ ကျောင်းသားများအတွက် သီးသန့်ထောက်ပံ့ပေးခြင်းမျိူးမရှိကြောင်း ပီတောင်ကျေးရွာစစ်ဘေးရှောင် ကျောင်းဆရာ ဦးကျော်ဆန်းကပြောသည်။
ကျောင်းသူကျောင်းသားတွေအတွက် သီးသန့် ပြည်နယ်အစိုးရကနေ ထောက်ပံ့ပေးထားတာတော့မရှိသေးဘူး ကျနော်တို့ဆီမှာဆိုရင် အိမ်ခြေ ၁၅ အတွက်ဆိုပြီး ဆန်တွေပေးထားတာတော့ရှိတယ် အဓိကတော့ စားဝတ်နေရေးအတွက်ပေးထားတာပေါ့” ဟုသူကပြောသည်။







