ဇွန်လ ၂ ရက်နေ့ကထုန်ပြန်လိုက်သည့် ၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်တွင် ချင်းပြည်နယ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်အနည်းဆုံးဖြစ်နေရခြင်းမှာ ကျောင်းဆရာ/ဆရာမ မလုံလောက်သည့်အတွက်ကြောင့်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်ကပြောသည်။
“အကြောင်းရင်းတော့ အများကြီးရှိမှာပေါ့လေ ချင်းပြည်နယ်မှာက အခက်အခဲတွေမျိူးမျိူးရှိတယ် နံဘတ် ၁ အချက်ကတော့ ဆရာ/ဆရာမ လုံလုံလောက်လောက်မထားနိုင်တာ အဲဒီနေရာမှာဘာလဲဆိုတော့ ဆရာမတွေက မွေးဖွားခွင့် ၆ လရှိတယ် အဲဒီမွေးဖွားခွင့်ယူတဲ့ဆရာမတွေအတွက် အစားထိုးပြန်မခန့်နိုင်တဲ့ကိစ္စတွေပေါ့ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အခါကျတော့ အချိန်မှီစာအုပ်တွေစာဆောင်တွေမရောက်နိုင်ဘူး မြို့ပေါ်ကျောင်းတွေက မထူးခြားပေမယ့် နည်းနည်းဝေးလံတဲ့ကျောင်းတွေမှာအခက်အခဲရှိတယ်’’ ဟု ဝန်ကြီးကပြောသည်။
ချင်းပြည်နယ်တွင် ၂၀၁၇-၁၈ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူ ( ၁၀၁၆၇) ရှိသည့်အနက် (၁၉၆၃) သာအောင်မြင်ပြီး ရာခိုင်နှုန်းအားဖြင့် (၁၆.၆၅) ရှိသည်။ မြန်မာတစ်နိုင်ငံလုံးတွင် အောင်ချက်အနည်းဆုံးပြည်နယ်ဖြစ်ခဲ့သည်။
ယမန်နှစ်ပညာသင်နှစ်တွင် ချင်းပြည်နယ်တွင် တက္ကသိုလ်စာမေးပွဲဖြေဆိုသူ ကျောင်းသူကျောင်းသား (၉၇၂၅) ရှိသည့်အနက် (၁၈၅၂) ဦးရေအောင်မြင်ခဲ့ကြသည်။ ရာခိုင်နှုန်းအားဖြင့် (၁၉.၀၄) ရာခိုင်နှုန်းရှိခဲ့ပြီး ဒုတိယအောင်ချက်အနည်းအဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူများစစ်ဘေးရှောင်တိမ်းနေရသည့်ကိစ္စက နှင့် အပြင်ဖြေပိုများလာသည့်ကိစ္စသည်လည်း အောက်ချက် ကိုဂယက်ရိုက်စေခဲ့သည်ဟု ဝန်ကြီးကပြောသည်။
“ဒီနှစ်မှာဆိုးရွားတာက ပလက်ဝမြို့နယ်ပေါ့ စစ်ဘေးရှောင်တို့ဖြစ်တာပေါ့ ခုပလက်ဝရဲ့အောင်ချက်ရာခိုင်နှုန်းဆိုရင် တော်တော်ကို နိမ့်ကျသွားတယ် အဲဒီဟာက တော်တော့ကို ဂယက်ရို်က်သွားတယ် ပြီးတော့ အပြင်ဖြေက ပိုများလာတာကလည်း အောက်ချက်ရာခိုင်နှုန်းကိုဆွဲချသွားတယ် ဒီလိုပြသနာတွေရှိလာတဲ့အခါကျတော့ ထင်တာထက်အောင်ချက်က မတက်ဘဲနဲ့ပြန်လျှော့သွားတာပေါ့’’ ဟု လူမှုရေးဝန်ကြီးကပြောသည်။
ချင်းပြည်နယ်တွင် ဖလမ်းမြို့သည် ၂၃.၄၃ ရာခိုင်နှုန်းဖြင့် အောင်ချက်အများဆုံးမြို့နယ်ဖြစ်ပြီး ပလက်ဝမြို့နယ်သည် ၄.၂၅ ရာခိုင်နှုန်းဖြင့် အောင်ချက်အနည်းဆုံးမြို့နယ်ဖြစ်သည်။
ချင်းပြည်နယ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားလာစေရေးအတွက် လိုအပ်ချက် အားနည်းများအား ပြန်လည်သုံးသပ်ကာ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်သလို ကျောင်းသား၊ မိဘ နှင့် ဆရာ/ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု ဝန်ကြီးကဆက်ပြောသည်။
“ခုဖြစ်နေတဲ့အခြေအနေကို သုံးသပ်ပြီးတော့ ဒီနှစ်ဘာတွေလုပ်မလဲ ဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးတော့ အားနည်းချက်တွေကို ဖြည့်ဆည်းနိုင်အောင် ပြည်နယ်တစ်ခုထဲမဟုတ်ဘဲနဲ့ ပြည်ထောင်စုကို တင်ပြသင့်တာရှိရင် တင်ပြမှာပေါ့နော် ပြီးတော့ ကျောင်းသားတွေရဲ့စိတ်ဝင်စားမှုနဲ့ မိဘများရဲ့ပံ့ပိုးမှုကတော့ တစ်ဖက်မှာတော့လိုတယ် မိဘများအနေနဲ့ဆရာများနဲ့ပူးပေါင်းဆောင်ရွက်တတ်ဖို့ ကလေးများကိုတက်ကြွအောင်လုပ်မယ် ဆရာဆရာမများတွေကို ပျော်အောင်ထားမယ် စသဖြင့်ပေါ့ ပြီးတော့ ၁၀ တန်းတစ်ခုတည်းကတော့ ချက်ချင်းကြီးအောက်ချက် တက်ဖို့မလွယ်ဘူးပေါ့နော် အခြေခံကောင်းဖို့လိုပါတယ်၊ ၇၊၈၊၉ တန်းလောက်ကနေ အခြေခံကောင်းအောင် ဖိထားမယ်ဆိုရင် ၁၀ တန်းမှာလွယ်သွားမယ်ပေါ့နော်၊ တဖြည်းဖြည်းချင်းတော့တက်လာမယ်လို့ထင်ပါတယ်’’ ဝန်ကြီးက ဆက်ပြောသည်။







