ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၅) နှစ်မြောက် ရခိုင်အမျိုးသားနေ့တွင် နိုင်ငံရေးပါတီများ၏ သဝဏ်လွှာ ဖတ်ကြားမှုကို စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးမှ တားမြစ်ရန် ကြိုးပမ်းမှု တစ်ရပ် ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ဦးစိုးနိုင်က “ မနေ့က စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးရင်ပြင်မှာ ပြုလုပ်တဲ့ ရခိုင်အမျိုးသားနေ့မှာ နိုင်ငံရေးပါတီတွေက သဝဏ်လွှာဖတ်ကြားတာကို လာရောက်ပိတ်ပင် တားဆီးပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက တားခိုင်းတဲ့ အတွက် လာရောက်တားမြစ်တာလို့ နှစ်ပွင့်နဲ့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်” ဟု ပြောသည်။
ရဲအရာရှိ လာရောက်တားမြစ်ချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့ ဖတ်ကြားအပြီး မြိုတိုင်းရင်းသားဒီမိုကရေစီ ပါတီမှ သဝဏ်လွှာဖတ်ကြားချိန်တွင် ဖြစ်ကြောင်း ဦးစိုးနိုင်က ပြောသည်။
“ သူတို့ ပြောတာက ငြိမ်းစုစီတင်တဲ့အခါ နိုင်ငံရေး ပါတီတွေ သဝဏ်လွှာဖတ်ကြားမယ့် အစီအစဉ် မပါတဲ့ အတွက် ခွင့်မပြုဘူးလို့ ပြောပါတယ်။ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ သဝဏ်လွှာ ဖတ်ကြားခွင့် မရှိဘူးလားမေးတော့ မရှိဘူးတဲ့။ အဲဒီတော့ ရပ်ပေးရမလားမေးတော့ ရပ်ပေးရမယ်လို့ ပြောပါတယ်။ အဲသလို ပြောနေတဲ့အချိန်မှာဘဲ မြိုတိုင်းရင်းသားဒီမိုကရေစီ ပါတီက သဝဏ်လွှာ ဖတ်ကြားတာ ပြီးဆုံးသွားပါတယ်” ဟု ဦးစိုးနိုင်က ဆက်လက် ပြောကြားသည်။
အခမ်းအနားပြီးနောက် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူးမှ အကြိမ်ကြိမ် ဖုန်းဆက်ကြောင်း၊ အစီအစဉ်တွင် မပါဘဲ သဝဏ်လွှာ ဖတ်ကြားခြင်းကို မြို့နယ် အုပ်ချုပ်ရေးမှူးကို ရှင်းပြစေလိုကြောင်း၊ မိမိမှ မရှင်းပြနိုင်ကြောင်း ပြန်ပြောသောအခါ သဝဏ်လွှာဖတ်ကြားခွင့်ကို ဆရာတော်ကြီးတစ်ပါးနှစ်ပါးမှ တစ်ဆင့် မြို့နယ် အုပ်ချုပ်ရေးမှူးကို ရှင်းပြခိုင်းကြောင်း၊ ၎င်းပြင် မြို့နယ်ရဲမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးမှ ညွှန်ကြား၍ ဤသို့ အကြောင်းကြားရခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု ဦးစိုးနိုင်မှ ပြောကြားသည်။
“ ရခိုင်အမျိုးသားနေ့ကို ကျင်းပတာ ၄ နှစ်ရှိပါပြီ။ ဒီနှစ်မှာတော့ ငြိမ်းစုစီအပြင် မြို့ကိုလှည့်ပြီး အသံချဲ့စက် အသုံးပြုခွင့်ကိုပါ တင်ရပါတယ်။ အဲဒါမြို့နယ် အုပ်ချုပ်ရေးမှူးက ဘယ်လောက်ထိ အားတင်သလဲဆိုရင် အဲဒီရပ်ကွက် ၃၃ ခုက အုပ်ချုပ်ရေးမှူးတွေကို ဒီကိစ္စ ကျွန်တော်ကို အကြောင်းကြားခိုင်းတယ်။ ကျွန်တော်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိနဲ့ ကျွန်တော်ဘာလို့ လုပ်ရမလဲလို့ ပြန်ပြောတယ်။ စာထုတ်ပေးဆိုတော့လည်း စာထုတ်မပေးဘူး” ဟု ဦးစိုးနိုင်က ဆိုသည်။
သူတို့အနေဖြင့် ရခိုင်အမျိုးသားနေ့ ကျင်းပရေး ကော်မတီရှိသဖြင့် မည်သည့် ကိစ္စကို မဆို ၎င်းကော်မတီ၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ မိမိကို အရေးယူမည်ဆိုလျှင်လည်း ယူနိုင်ကြောင်း ဦးစိုးနိုင်က ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးသို့ အသေးစိတ်သိလိုသဖြင့် နိရဥ္စရာ သတင်းဌာမှ မေလ ၃၁ နေ့ည ၉ နာရီမှ ၉ နာရီ ၅ မိနစ်အတွင်း သုံးကြိမ်တိတိ ဖုန်းဆက်သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိပါ။







