ကဆုန်လပြည့်နေ့ ရှေးဟောင်း ဗုဒ္ဓဆင်းထုတော်များကို လှည့်လည်အပူဇော်ခံသည့် ရခိုင်မုနိပူဇာပွဲကို သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်၍ ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ပြုလုပ်ခဲ့သည်။
ရခိုင်မုနိပူဇာပွဲကို ရခိုင်ကဆုန်လပြည့် မေ ၂၉ ရက် နေ့လယ် ၃ နာရီအချိန်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ရာသီဥတုအခြေအနေကြောင့် ညနေ ၆ နာရီခန့်တွင် ပြုလုပ်ခဲ့ရသည်။
ယခု ၅ ကြိမ်မြောက် ရခိုင်မုနိပူဇာပွဲတွင် မဟာမုနိပုံတော်၊ လရောင်ဝင်းကျောင်းမှ ဓညဝတီခေတ် ဗုဒ္ဓဆင်းထုတော်၊ စစ်တွေမြို့ လမ်းမတော်မြောက်ကျောင်းမှ ဝေသာလီခေတ် ဗုဒ္ဓဆင်းထုတော်၊ ကယုချောင်းကျောင်းမှ မဟာကျိန်ဘုရား၊ ရွှေစေတီကျောင်းမှ မြောက်ဦးခေတ် ဗုဒ္ဓဆင်းထုတော်နှင့် မဟာမုနိ ပုံတူ ဗုဒ္ဓဆင်းထုတော် စုစုပေါင်း ဗုဒ္ဓဆင်းထုတော် ၅ ဆုနှင့် ပိဋကတ် ၃ ဖုံတို့ပါဝင်ကြောင်း သိရသည်။
“ရှေးခေတ်က ဗုဒ္ဓဆင်းထုတော်တွေကို တစ်စုတစ်ပေါင်းတည်း ပူဇော်နိုင်ဖို့ရယ်၊ အန္တရာယ်ခပ်သိမ်း ကင်းဝေစေဖို့ရယ်၊ ဘာသာ သာသနာ စည်ပင်ဖွံ့ဖြိုးစေဖို့ရယ်နဲ့ ရှေးက ဘိုးဘေး၊ အဇူအဇာတွေရဲ့ ဆောင်ရွက်ခဲ့ကြတာတွေကို နောင်လာမျိုးဆက်သစ်တွေ ဆက်လက်ဆောင်ရွက်စေလိုတဲ့ ရွယ်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပါတယ်”ဟု သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့ နာယက ဦးမောင်သိန်းထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ရခိုင်ဘုရင့်နိုင်ငံတော်၌ မုနိပူဇာပွဲကို ရှင်တော်ဗုဒ္ဓ၏ ကိုယ်စားတော် မဟာမုနိဆင်းထုတော်ကို ရခိုင်လူမျိုးတို့ စတင်သွန်းလုပ်ခဲ့သည့် မဟာသက္ကရာဇ် ၁၂၃ ခု ၊ ဘီစီ ၅၅၄ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပြီး၊ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးခေတ်အဆက်ဆက်တို့တွင်လည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
ရခိုင်မုနိပူဇာပွဲကျင်းပခွင့်ရရန်အတွက် ယခင်နှစ်များက တစ်နေရာတည်းသာ တင်ပြခဲ့ရသော်လည်း ယခုနှစ်တွင် ၇ နေရာထိ တင်ပြတောင်းဆိုခဲ့ရပြီး မိုးရွာသည့်ကြားထဲ ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရသဖြင့် ပူးပေါင်းပါဝင်သူများကို အထူးကျေးဇူးတင်ရှိကြောင်း သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇံမောင်က ပြောသည်။
“ဒီလို ရခိုင်မုနိပူဇာပွဲမှာ ပါဝင်ဆောင်ရွက်ခွင့် ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ နောင်နှစ်တွေမှာလည်း ဆက်လက်ကျင်းပစေလိုပါတယ်”ဟု စစ်တွေမြို့ ဓညဝတီရပ်ကွက်မှ မခင်စိုးမြင့်က ပြောသည်။
ရခိုင်မုနိပူဇာပွဲတွင် မရမာကြီးတိုင်းရင်းသားမျိုးနွယ်စုနှင့် အခြားရခိုင်လူမှုအဖွဲ့အစည်းများလည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်။
ဗုဒ္ဓဆင်းထုတော်များကို လှည့်လည်အပူဇော်ခံစဉ် လမ်းဘေး ဝေးယာမှ စေတနာရှင်များက အလှူငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြသည်။







