ရသေ့တောင်မြို့နယ်မှ လယ်သမားတစ်ဦးကို တပ်မတော်သားနှစ်ဦးက ထိုးကြိတ်ခဲ့ဟုဆို

ရသေ့တောင်မြို့နယ်မှ လယ်သမားတစ်ဦးကို တပ်မတော်သားနှစ်ဦးက ထိုးကြိတ်ခဲ့ဟုဆို
by -
စံမောင်သန်း

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် လှိုင်ဂွင် ကျေးရွာမှ ဦးခင်မောင်သန်း ၄၃ နှစ် (ဘ) ဦးဦးချမ်းသာသည် မေလ ၂၂ ရက်နေ့ ညဉ့်အချိန်တွင် အမည်မသိ တပ်မတော်သား နှစ်ဦး၏ ထိုးကြိတ်ကန်ကျောက်ခြင်းကို ခံရ၍ သွားနှစ်ချောင်း ကျိုးသွားသည်ဟု ထိုးကြိတ်ခံရသူက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ဖြစ်စဉ်မှာ ဘဏ်ချေးငွေဆပ်ရန်အတွက် ငွေချေးရန် ယောက္ခမနေထိုင်သည့် လမုဒိုင်ရွာသို့ မေလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက သွားရောက်ခဲ့ပြီး ညဉ့် ၇ နာရီတွင် လှိုင်ဂွင်သို့ ပြန်လာစဉ် ရွာနှစ်ခု စပ်ကြား၌ စစ်ကြောင်းလှည့်နေသော စစ်သားနှစ်ဦး၏ ထိုးကြိတ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။

“လမ်းစပ်ကြား သရက်ပင်အောက်မှာ မြန်မာ့တပ်မတော်သား တစ်ယောက် ကင်းစောင့်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် သူက ဘာမှတားဆီးမေးမြန်းခြင်း မရှိပါဘူး။ အဲ့ဒီနေရာက ၃ ကိုက်လောက် အကျော်မှာ အရပ်ဝတ်နဲ့ တစ်ယောက်က မပြောမဆိုဘဲ လက်သီးနဲ့ ထိုးတော့ ကျနော်ထိုင်ကျသွားပါတယ်။ နောက် စစ်ဝတ်နဲ့ တစ်ယောက်က ပါးစပ်နဲ့ ကျောကုန်းကို စစ်ဘိနပ်နဲ့ ကန်ကျောက်တဲ့အတွက် သွားနှစ်ချောင်း ကျိုးသွားပြီး ကျောကုန်းနာကျင်ခဲ့ရပါတယ်”ဟု လှိုင်ဂွင်ကျေးရွာမှ ဦးခင်မောင်သန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းသို့ ထိုးကြိတ်ကန်ကျောက်ခြင်းကို ခံခဲ့ရ၍ ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်တန်းခဲ့ပြီးနောက် ကျောက်တန်းရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ရာ ရဲစခန်းက အမှုဖွင့်ပေးမည်ဟု ပြောကြားခဲ့ကြောင်း ပြောဆိုသည်။

ယင်းသို့ ထိုးကြိတ်ကန်ကျောက်မှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာကို ဆေးကုသမှု ခံယူရန် စစ်တွေသို့ ရောက်ရှိနေသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ပြီး၊ စစ်တွေဆေးရုံတွင် အပြင်လူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိသည်ဟု သိရသည်။

“ဒီလိုမတရား ထိုးကြိတ်ကန်ကျောက်မှုအပေါ်မှာ အမှုဖွင့်လိုပါတယ်။ အဲ့ဒီလိုလုပ်ရပ်အပေါ်မှာ တိုင်ကြားအမှုဖွင့်မှု မရှိခဲ့ရင် နောက်ဆိုရင် အရပ်သားတွေအပေါ်မှာ ဒီထက်ပိုပြီး အနိုင်ကျင့်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်လူတွေကို နောက်ထပ်ဒီလိုမျိုး မခံရစေချင်ဘူး”ဟု ဦးခင်မောင်သန်းက ပြောသည်။

ဦးခင်မောင်သန်းသည် လယ်သမားတစ်ဦးဖြစ်ပြီး၊ သာသမီး ၅ ယောက်ရှိကြောင်း၊ ယင်းသို့ ထိုးကြိတ်ခံရမှုကြောင့် ခါးနာ၊ ခေါင်းနာပြီး သွားကိုက်ခြင်းကို ခံစားနေရကြောင်းဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကို်ယ်စားလှယ် ဒေါ်ခင်စောဝေအား ဆက်သွယ်မေးမြန်းရာ ၎င်းသတင်းကို ရရှိထားပြီ ဖြစ်ကြောင်း၊ ဒဏ်ရာရပါက ရသေ့တောင်မြို့နယ်ဆေးရုံတွင် သွားရောက်ပြသပြီး ကျောက်တန်းရဲစခန်းတွင် ဥပဒေကြောင်းအရ အမှုတိုင်ကြားရန် ပြောလိုက်ကြောင်း၊ သို့သော်လည်း ဦးခင်မောင်သန်းအား ထိုးကြိတ်သွားသည့် တပ်သား၏ တပ်ရင်းနာမည်၊ သက်ဆိုင်သူများ၏ အမည်ကို မသိရသဖြင့် အထက်သို့ တိုင်ကြားရန် အခက်အခဲရှိနေကြောင်း ပြောကြားသည်။

ဦးခင်မောင်သန်းမှလည်း သူ့အား ထိုးကြိတ်ခဲ့သူ တပ်မတော်သားမျညး၏ အမည်နှင့် တပ်ရင်း အမည်ကို မသိကြောင်း ပြောကြားသည်။

အဆိုပါထိုးကြိတ်ခံရမှုနှင့်ပတ်သက်၍ နယ်မြေခံတစ်ချို့ကို ဆက်သွယ်စုံစမ်းခဲ့သော်လည်း မည်သူထိုးကြိတ်ခဲ့သည်ဆိုသည်ကို အတည်မပြုနိုင်ကြောင်း၊ ကာယကံရှင်ကိုယ်တိုင်က ထိုးကြိတ်ခဲ့သူကို သည်းသည်းကွဲကွဲ မပြောပြနိုင်ဟု ပြောဆိုသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...