ရခိုင်စည်တော် ဝယ်လိုအားများ၊ ပြည်ပမှလည်း မှာယူမှုများရှိနေ

ရခိုင်စည်တော် ဝယ်လိုအားများ၊ ပြည်ပမှလည်း မှာယူမှုများရှိနေ
by -
နောင်ခိုင်အောင် (မြောက်ဦး)

ရခိုင်စည်တော်ကို လွန်ခဲ့သည့်နှစ် တစ်နှစ်အတွင်း ၁ဝ လုံးခန့်သာ ရောင်းချနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ရခိုင်စည်တော် အလုံး ၁၀၀ ကျော်ထိ ပြုလုပ်ရောင်းချခဲ့ရသည်ဟု မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်မှ စည်တော် ပြုလုပ်သူ ဦးမောင်သာအေးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ရခိုင်စည်တော်က အခု ဝယ်လိုအားကောင်းလာပါတယ်။ လွန်ခဲ့တဲ့နှစ်ကဆို ၁၀ လုံးလောက်ဘဲ ရောင်းခဲ့ရပါတယ်။ ဒီနှစ်မှာတော့ စည်တော် ၁၀၀ ကျော်ထိ ရောင်းရပါတယ်။ ပြည်တွင်း ပြည်ပ ဝယ်လိုအား ကောင်းလာပါတယ်” ဟု သူက ပြောသည်။

ရခိုင်စည်တော်ကို ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့၊ ကျောက်ဖြူမြို့နယ်များက သာမက ဂွမြို့နယ်မှလည်း မှာယူမှုများ ရှိနေသည်ဟု သူက ပြောဆိုသည်။

“ဒီဘက်မှာဆိုရင် မြို့နယ် ၁၇ မြို့နယ် အကုန်လုံးရောင်းရပါတယ်။ ဂွမြို့နယ်ထိ မှာယူတာတွေ ရှိပါတယ်။ နိုင်ငံခြားရောက် ရခိုင်အဖွဲ့အစည်းတွေလည်း မှာယူတာတွေ ရှိနေပါတယ်” ဟု သူက ဆိုသည်။

ယခုနှစ် စည်တော်မှာယူခဲ့ကြသည့် ရခိုင်အဖွဲ့အစည်းများမှာ သြစတြေးလျ ၊ မလေးရှား၊ ထိုင်းစသည့် နိုင်ငံများ ဖြစ်ကြောင်း၊ ၎င်းအပြင် ရန်ကုန်၊ ကချင်ပြည်နယ် ဖားကန့်မှ မှလည်း ယူမှုများလည်း ရှိကြောင်း သူက ပြောကြားသည်။

“ အခု ရခိုင်ပြည်နယ်က ကျေးရွာတိုင်းလိုလိုမှာ ရခိုင်စည်တော် အဖွဲ့တွေရှိတော့ စည်တော်က ဝယ်ယူမှုတွေများနေတယ်။ မြို့တွေမှာလည်း ရပ်ကွက်လိုက်၊ အသင်းအဖွဲ့လိုက် ရှိနေကြတော့ စည်တော်က ဒီနှစ် တော်တော်ရောင်းရပါတယ်” ဟု ဦးမောင်သာအေးက ပြောသည်။

ရခိုင်စည်တော်တစ်လုံးကို ငွေကျပ် ၁၂ဝဝဝဝ မှ ၁ရဝဝဝဝ ကျပ်အထိ ရောင်းချရသည်ဟု သိရသည်။

ရခိုင်စည်တော်တစ်လုံးဖြစ်လာဖို့အတွက် အချိန်အနည်းဆုံး (၅)ရက်လောက်ယူပြီး လုပ်ရသလို စည်တော်များကို မိုးရာသီမကျရောက်မီအချိန်တွင် လုပ်ကိုင်ရသည်ဟုလည်း သူကပြောသည်။

ယခင်နှစ်များက စည်တော်ထွင်းသည့်လုပ်ငန်းမှာ မတွင်ကျယ်သည့်အတွက် အခြားသော မိမိကျွမ်းကျင်သည့် အလုပ်များနှင့် တွဲ၍ လုပ်ကိုင်လာခဲ့ရသည်ဟု သူက ဆက်လက် ပြောကြားသည်။

“ကျနော်ဆိုရင် တခြားလက်သမားအလုပ်နဲ့တွဲပြီးလုပ်တယ်။ တဖြည်းဖြည်းနဲ့လုပ်လာလိုက်တာ အခုမှပဲ နည်းနည်းတွင်ကျယ်လာပါတယ်။ အခုကတော့ လက်သမားအလုပ်တွေမလုပ်တော့ဘူး။ ဒီစည်အလုပ်တစ်ခုတည်းပဲလုပ်တယ်” ဟု သူက ပြောသည်။

စည်တော်ထိပ်ဝအကျယ် ၁၄ လက္မ၊ အရှည် ၂၇ လက္မ အရွယ်ရှိ စည်တော်အား အကြီးဟု သတ်မှတ်ပြီး ထိပ်ဝ အကျယ် ၁ဝ လက္မ၊ အရှည် ၂၆ လက္မအရွယ် ရှိ စည်တော်အား စည်တော်အငယ်ဟု သတ်မှတ်ထားကြောင်း ဦးမောင်သာအေးက ပြောသည်။

မြောက်ဦးမြို့တွင် ရခိုင်မင်္ဂလာစည်တော်ကို ရခိုင်သမိုင်းဆရာကြီး ဦးဦးသာထွန်း(ကွယ်လွန်)နှင့် တူရိယာဆရာကြီး ဦးမောင်သာဒိုးတို့နှစ်ဦး တိုင်ပင်၍ စတင်တီထွင်လာခဲ့ခြင်းဖြစ်သည်ဟု ဦးမောင်သာအေးက ပြောသည်။

ရခိုင်လူမျိုးများတန်ဖိုးထားသည့် ရခိုင်စည်တော်ကို ရခိုင်ဘုရင်များလက်ထက်ကတည်းက မင်္ဂလာ ယူသည့် အခမ်းအနားများတွင် တခမ်းတနားတီးခတ်ကြပြီး ရခိုင်တေးရတုများဖြင့် တွဲဘက် သီဆို တီးခတ်ကြသည်ဟု ရခိုင်သမိုင်းအထောက်အထားများတွင် တွေ့ရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...