အမေရိကရောက် ချိုး(ချင်း) များ တစ်နေရာတည်းတွင် နှစ်စဉ် ပြန်လည် စုံစည်းနိုင်ရန် ရည်ရွယ်လျက် ချိုး(ချင်း) မျိုးနွယ်စုအသင်း(အမေရိက) CEAU ၏ (၇) ကြိမ်မြောက် ညီလာခံနှင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို မေလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု Louisnille Kentucky တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ပြည်နယ် အသီးသီးမှ ချိုး(ချင်း) ၉၀၀ ခန့်လာရောက် အားပေးမည်ဖြစ်ကြောင်း သိရသည်။
K’cho Ethnic Association ၏ဘဏ္ဍာရေးမှုးနှင့် ပြောရေးဆိုခွင့်ရှိ ဆလိုင်းပေါခွီရှိန်းဟာက “ ကျွန်တော်တို့အနေနဲ့ ကာယ၊ ညဏ များအားပေးအားမြှောက်လုပ်တာပေါ့။ နှစ်စဉ် ဘောလုံးပွဲ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲပွဲများကို ကမကထ ပြုလုပ်ပေးလျက်ရှိပါတယ်။ အဲလို အားကစားကိုလုပ်ပေးခြင်းအားဖြင့် လူငယ်တွေတက်တက်ကြွကြွ ပါဝင်လာပါတယ်။ ဘောလုံးပွဲမှာ အမေရိကန်နိုင်ငံတွင်းက ပြည်နယ် (၉) ခု ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်နယ်ပေါင်း (၂၀) ဝန်းကျင်ကနေ ချိုး (ချင်း) လူမျိုးများ လာရောက် ဆုံစည်းကြမှာဖြစ်တာကြောင့် ခန့်မှန်းခြေ အယောက် (၉၀၀) ဝန်းကျင်ရှိမယ်” ဟုပြောသည်။
၂၀၁၂ ကတည်းက ဖွဲ့စည်းခဲ့သည့် K’cho Ethnic Association – United State ( CEAU )သည် ယခု တွေ့ဆုံပွဲတွင် အလုပ်အမှုဆောင်အဖွဲ့များကိုလည်း ပြန်လည်ရွေးချယ်မည့်အပြင် ညပိုင်းများတွင်လည်း ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားစွာကျင်းပမည်ဟုဆက်ပြောသည်။
ရှေ့ရည်မှန်းလုပ်ငန်းစဉ်အဖြစ် ချိုး(ချင်း) အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ရန် ရည်မှန်းပြင်ဆင်ခြင်း၊ အမေရိကအခြေစိုက် ထူးချွန်ကျောင်းသား/သူများနှင့် လုပ်ငန်းခွင်များတွင် ထူးခြားအောင်မြင်သူများကိုလည်း တစ်စိုက်မတ်မတ် ဂုဏ်ပြုချီးမြှင့်သွားမည့်အစီအစဉ်ရှိကြောင်း ဆလိုင်းပေါခွီရှိန်းဟာက ပြောသည်။
CEA အဖွဲ့အစည်းများကို နိုင်ငံတကာတွင် ဖွဲ့စည်းထားသကဲ့သို့ ပြည်တွင်းတွင်လည်း ဖွဲ့စည်းထားပြီး မိမိဘာသာစကား၊ ယဉ်ကျေးမှုများထိန်းသိမ်းတန်ဖိုးထားရန်၊ တိုင်းတစ်ပါးရောက်ချိုး (ချင်း) အချင်းချင်း နာရေးနှင့် ရင်ဆိုင်ရလျှင် တစ်ဦးနှင့်တစ်ဦး တိုင်ပင်ကူညီကြရန်၊ ပြည်တွင်းရှိ ချိုးမြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်အားသရွေ့ကူညီပံ့ပိုးနိုင်ရန်နှင့် မိမိ၏ မိခင်ဘာသာစကားဖြစ်သည့် ချိုးစာပေကို အစိုးရမူလတန်းကျောင်းတွင် သင်ရိုးအဖြစ် သင်ကြားနိုင်ရန်နှင့် ပြင်ပဘာသာရေး အသိုင်းအဝိုင်းများမှ ၀ိုင်းဝန်းကြိုးစားသင်ကြားခြင်းဖြင့် စာပေထိန်းသိမ်းရန် လိုအပ်သည့် အကြံဉာဏ်နှင့် ငွေကြေးများပံ့ပိုးနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ပြည်တွင်း CEA ရုံးချုပ်ကို မင်းတပ်မြို့တွင်ဖွင့်လှစ်ထားပြီး ချိုးစာပေ သင်ရိုးညွှန်းပြုစုထုတ်ဝေခြင်း၊ ချိုးဘာသာစကား ဆရာဖြစ်သင်တန်းဖွင့်လှစ်ခြင်းများပြုလုပ်သည့်အပြင် နိုင်ငံတကာ CEA ၏အထောက်အပံ့ဖြင့် နှစ်စဉ်မင်းတပ်တွင် တိုက်နယ်အလိုက် အားကစားပြိုင်ပွဲများကိုလည်း ကျင်းပကြသည်။







