ချင်းပြည်နယ် ရိခေါဒါရ်မြို့ အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးတံတားပေါ် ယာဉ်ဖြတ်သန်းသွားလာခွင့်ကို အိန္ဒိယဘက် အာသံရိုင်ဖယ်တပ်မှ မေလ ၂၁ ရက်နေ့ကစပြီး ယာယီပိတ်ပင် ထားကြောင်း သိရသည်။
ယခုလို မြန်မာ-အိန္ဒိယနယ်စပ်တံတားပေါ် ယာဉ်များ ဖြတ်သန်းဝင်ထွက်မှုပိတ်ပင်ရာတွင် ကုန်တင်ယာဉ်များသာမဟုတ်ပဲ၊ လူစီးယာဉ် များ၊ ပုဂ္ဂလိကယာဉ်များပါ ဝင်ထွက်မှုပိတ်ပင်ထားခြင်းဖြစ်ကြောင်း နှင့် ယခုလို နယ်စပ်တံတားအပေါ် ယာဉ်များဖြတ်သန်းသွားလာမှုအား Assam Riffle က အထက်ဌာန၏ ညွှန်ကြားချက်အရ ခေတ္တပိတ်ပင်ထားခြင်းဖြစ်ကြောင်း ရိခေါဒါရ်မြို့ ပြန်ကြားရေးတာဝန်ခံ ဦးလာလ်ပက်လောမ်က ပြောသည်။
“ဒီမနက်လည်း ကျနော်သွားပြီး ရဲ နှင့် Custom အရာရှိတွေကို မေးကြည့်တယ်၊ ဒီအရာက သူတို့ Military ကိစ္စဖြစ်တဲ့အတွက် အကြောင်းရင်း ဂဂဏဏမသိဘူး” လို့ ပြောပါသည်။
နှစ်နိုင်ငံချစ်ကြည်ရေးတံတားပေါ်တွင် ယာဉ်များသွားလာခွင့် ပိတ်ပင်ခြင်းသည် မည်မျှကြာမြင့်မည်ကိုမသိရှိရသော်လည်း ခရီးသည်များ၊ ကုန်ပစ္စည်းများ၊ ဆိုင်ကယ်များမူ သွားလာခွင့်ပြုကြောင်း သိရသည်။
“ဘယ်လောက်ကြာမည်ဆိုတာ မသိရဘူး၊ အချို့က ဒီတစ်ပတ်ဖြစ်မယ်လို့ ပြောတယ်၊ ခရီးသည်တွေလည်း သွားလာလို့ရတယ်၊ အထုတ်အပိုးတွေလည်း သယ်လို့ရတယ်၊ ဆိုင်ကယ်လည်း သွားလာလို့ရတယ်။ အဓိက ပိတ်ပင်တာက ကားတွေဖြစ်တယ်” ဟု ဦးလာလ်ပက်လောမ်ကပြောသည်။
အဆိုပါနယ်စပ်တံတားအပေါ် ယာဉ်များဖြတ်သန်းသွားလာမှု ခေတ္တပိတ်ပင်ထားခြင်းမရှိမီ ကာလများတွင် ကုန်ပစ္စည်းများကို နယ်စပ် တံတားခံနိုင်ဝန်အား သတ်မှတ်ချက်နှင့်အညီ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ထားခြင်းဖြစ်ရာ ယခုတံတားအပေါ်ယာဉ်များ ဖြတ်သန်း သွားလာမှု ခေတ္တပိတ်ပင်ခြင်းကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုနှင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
မြန်မာနိုင်ငံဖက်မှ အဓိကပို့ကုန်ဖြစ်သည့် ကွမ်းသီးတင်ပို့မှုအား ရပ်နား ခဲ့ရပါကြောင်း၊ အခြားကုန်သွယ်ပစ္စည်းများကို လူလုပ်အားနှင့် တွန်းလှည်းများဖြင့် တစ်ဖက်နိုင်ငံသို့ တင်ပို့ခဲ့ရကြောင်း၊ တစ်ဖက်အိန္ဒိယနိုင်ငံမှ သွင်းကုန်ဖြစ်သည့် ဓာတ်မြေသြဇာတင်ပို့မှုနှင့် အခြား ကုန်ပစ္စည်းများကို လူလုပ်အားဖြင့် တံတားကိုဖြတ်၍ ပို့ဆောင်လာကြောင်း၊ ဤသို့ လူလုပ်အားဖြင့်သာ ကုန်ပစ္စည်းများ ပို့ဆောင်ရခြင်း ကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေး ကြန့်ကြာသည့်အပြင် ကုန်ပစ္စည်းများ ထိန်းသိမ်းသိုလှောင်သည့် အခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း သိရသည်။
ထို့အပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ရိရေကန်လေ့လာရေး၊ အပန်းဖြေခရီးလာရောက်သူများသည် ရိရေကန်အထိ မိမိအသုံးပြုသည့် အငှားယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များဖြင့် လာရောက်ခြင်းကို ခွင့်ပြုပေးခြင်းဖြစ်ရာ ယခုကိစ္စကြောင့် ယာဉ်များအား နယ်စပ်တံတား အထိသာ ဖြတ်သွားလာနိုင်သဖြင့် နယ်စပ်တံတားမှ ရိရေကန်အထိ (၂) မိုင်ခန့်သွားလာရေးအတွက် အခက်အခဲ ကြုံတွေ့နေရပြီး ယခုအတောအတွင်း ရိရေကန်သို့ လာရောက်လည်ပတ်သူ နည်းပါးလာပါကြောင်း သိရသည်။







