ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာတွင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့မ စခန်းမှူးမှ လူသတ်မှု ဖြစ်ပွားကြောင်းကို အတည်ပြုပြောကြားပြီး ယနေ့နံနက် ၅ နာရီမှ ကျေးရွာသားများ အလောင်းကို သူနေထိုင်ရာ ရွှေပြည်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် တွေ့ရှိခဲ့သည်ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။
“ ဖြစ်တာက ဘယ်အချိန်လဲဆိုတာ မသိရဘူး။ ရွာသားတွေက အလောင်းကို ဒီကနေ့ နံနက် ၅ နာရီမှာတွေ့တာပါ။ သတ်တာကတော့ လည်ပင်းကို ပုဆိုးနဲ့ ညှစ်ပြီး သတ်သွားတဲ့ အနေအထားဗျာ။ လျှာက နည်းနည်းထွက်နေတာကို တွေ့ရပါတယ်” ဟု မြို့မစခန်းမှူးက ပြောကြားသည်။
သေဆုံးသူမှာ ပဲခူးတိုင်းဘက်မှ ရွှေပြည်ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သူ ဦးသန်းဝင်း (၅၈) နှစ် ဖြစ်ကြောင်း သိရှိရသည်။
“ သူက ရွှေပြည်ဘုန်းကြီးကျောင်းမှာနေတာ ကြာပါပြီ။ ဘယ်သူက သတ်သလဲဆိုတာတော့ စုံစမ်းဆဲ ဖြစ်ပါတယ်။ တရားခံတော့ မမိသေးပါဘူး” ဟု စခန်းမှူးက ဆက်လက် ပြောဆိုသည်။
ယခုအခါ သေဆုံးသူ ဦးသန်းဝင်း၏ အလောင်းမှာ ကျောက်တော်ဆေးရုံသို့ ရောက်ရှိနေပြီဟု သိရသည်။







