စစ်တွေတွင် ဘေးတွဲဆိုင်ကယ် အသုံးပြုခွင့်ပိတ်ပင်ထားမှု ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြသော်လည်း အကြောင်းမထူး၍ ဆန္ဒဖော်ထုတ်မည်ဟုဆို

စစ်တွေတွင် ဘေးတွဲဆိုင်ကယ် အသုံးပြုခွင့်ပိတ်ပင်ထားမှု ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြသော်လည်း အကြောင်းမထူး၍ ဆန္ဒဖော်ထုတ်မည်ဟုဆို

ရခိုင်ပြည်နယ် စစ်တွေတွင် ဘေးတွဲဆိုင်ကယ်များ ပြေးဆွဲခွင့်ကို ပိတ်ပင်ထားသဖြင့် ၎င်းကိစ္စ ဖြေရှင်းပေးရန် ပြည်နယ် ဝန်ကြီးချုပ်ကို တင်ပြသော်လည်း အကြောင်းမထူးရာမှ ဆန္ဒဖော်ထုတ်ကာ ပြေးဆွဲခွင့်ရရန် တောင်းဆိုသွားမည်ဟု သတင်းရရှိသည်။ 

“ ကျွန််တော်တို့ ဘေးတွဲဆိုင်ကယ်သမားတွေ ကိုယ်စား နိုင်ငံရေးသမားဟောင်း ဦးအေးကျော်က ရခိုင် ပြည်နယ် ဝန်ကြီးချုပ်ဆီကို သွားပြီး ပြေးဆွဲခွင့်ပြုဖို့ တင်ပြပါတယ်။ ဝန်ကြီးချုပ်က ခွင့်မပြုနိုင်ဘူးလို့ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုသွားဖို့ စီစဉ်နေပါတယ်” ဟု ဘေးတွဲဆိုင်ကယ် ပြေးဆွဲခွင့်လိုင်စင်ရရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိန်မောင်(ခ) ဦးတင်အောင်က ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ် အရေအတွက်မှာ ၂၅၀ ခန့်ရှိပြီး ၎င်းဘေးတွဲ ဆိုင်ကယ်များကို လိုင်စင် မထုတ်ပေးနိုင်သဖြင့် ပြေးဆွဲရန် အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။

နိုင်ငံရေးသမားဟောင်း ဦးအေးကျော်က “ ဘေးတွဲဆိုင်ကယ်သမားတွေက အခု အခက်အခဲ ဖြစ်နေကြတယ်။ လိုင်စင်မရတော့ ပြေးဆွဲရင် မော်တော်ပီကယ်က ဖမ်းတာဆီးတာတွေရှိတယ်။ အများစုက ဘေးတွဲဆိုင်ကယ် မောင်းသူတွေက အသက်အရွယ်တွေကြီးနေကြပြီး ဘေးတွဲဆိုင်ကယ်က ပင်ပင်ပန်းပန်းနှင်းစရာ မလိုတော့ သူတို့အတွက် အဆင်ပြေတယ်။ ဒါကို ကျွန်တော်က ပြည်နယ်ဝန်ကြီးချုပ်ကို သွားပြီး တင်ပြတယ်။ ဝန်ကြီးချုပ်က ဘာကို ကြောက်နေသလဲမသိဘူး။ ခွင့်မပြုနိုင်ဘူးလို့ ပြောပါတယ်” ဟု သူက ဆိုသည်။ 

ရခိုင်ပြည်နယ်တွင် ခြေဖြင့် နှင်းရသော ဆိုက်ကားများအစား ဘေးတွဲဆိုင်ကယ်များကို အသုံးပြုမှု တစ်နေ့တစ်ခြား ပိုများလာနေပြီး သွားလာရ လွယ်ကူ လျင်မြန်ပြီး စရိတ်စခလည်း နည်းသဖြင့် အများပြည်သူများကလည်း သဘောကျကြသည်ဟု သိရသည်။

“ဒီဘေးတွဲဆိုင်ကယ်က မောင်းသူရော၊ လိုက်ပါတဲ့ ခရီးသည်တွေကိုရော ခြေနှင်း ဆိုက်ကား စီးရတာထက် အဆင်ပြေတယ်။ ခြေနဲ့ ပင်ပင်ပန်းပန်းနှင်းရာကနေ စက်နဲ့ သွားလာလို့ ရလာတဲ့ အဆင့်ကို ရောက်လာတဲ့ အတွက် ဒါကို အားပေးသင့်တယ်။ အခု ဘေးတွဲဆိုင်ကယ် သမားတွေကလည်း တရားဝင် လိုင်စင်လုပ်ပြီး မောင်းချင်ကြတယ်။ သက်ဆိုင်ရာ အစိုးရက ခွင့်မပြုတော့ သူတို့မှာ အခက်အခဲ ဖြစ်နေကြရတယ်။ ဒီကိစ္စ လိုအပ်ရင် လူ့အခွင့်အရေး ကော်မရှင်ထိ တိုင်ကြားသွားမှာ ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေး လှုပ်ရှားနေသူ ဦးမြတ်ထွန်းက ပြောသည်။ 

ဘေးတွဲဆိုင်ကယ်သမားများအနေဖြင့် ဖေဖော်ဝါရီ ၉ ရက်နေ့က ပထမတစ်ကြိမ် စာဖြင့် အသနားခံတင်ပြခဲ့ကြောင်း၊ ယခုလ ၁၅ ရက်နေ့ကလည်း တစ်ကြိမ် ပြည်နယ် ဝန်ကြီးချုပ်ထံစာရေးပြီး ဘေးတွဲဆိုင်ကယ် မောင်းနှင်ခွင့် ရရှိရေးကို တင်ပြထားကြောင်း၊ ယနေ့ထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိဟု သိရသည်။ 

“ အလုပ်လက်မဲ့တွေ များနေတဲ့ စစ်တွေမှာ ခုလို ဘေးတွဲ ဆိုင်ကယ် မောင်းနှင်ခွင့်ကို ပိတ်ပင်ထားတယ်ဆိုတော့ ပိုပြီးတော့ အလုပ်လက်မဲ့တွေ တိုးလာနို်င်ပါတယ်။ ကျွန်တော်တို့က တစ်ခြားဒေသတွေမှာလို လိုင်စင် လုပ်ချင်တယ်။ လိုင်စင်မရရင် ဘီးလှိမ့်ခွန်သွန်းပြီး တရားဝင် အသုံးပြုခွင့်ရစေချင်တယ်။ အခုက ခွင့်မပြုဘူး။ ခွင့်မပြုဆိုရင်လည်း ဘာကြောင့် ခွင့်မပြု ဆိုတာလည်း ရှင်းရှင်းလင်းလင်း ပြောတာမရှိပါဘူး” ဟု ဘေးတွဲဆိုင်ကယ် ပြေးဆွဲခွင့်လိုင်စင်ရရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိန်မောင်(ခ) ဦးတင်အောင်က ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲကို တရားဥပဒေနှင့် အညီ ခွင့်ပြုချက်ယူပြီး ပြုလုပ်သွားမည်ဟု သူက ပြောကြားသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...