ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့သို့ အဓိက ရေဖြန့်ဝေပေးနေသည့် ကန်တော်ကြီးတွင် ရေခမ်းခြောက်သွားသဖြင့် ရေရှားပါးမှု ဖြစ်ပေါ်နေသည်ဟု သတင်းရရှိသည်။
ထိုသို့ စစ်တွေမြို့တွင် သောက်သုံးရေ ရှားပါးမှု ပေါ်ပေါက်နေသဖြင့် စစ်တွေမြို့နယ် စည်ပင်ကော်မတီမှ ရေရရှိရန် နည်းလမ်း ၃ ခုဖြင့် စီစဉ်ဆောက်ရွက်နေကြောင်း သတင်းရရှိသည်။
ပထမ နည်းလမ်းမှာ အဝီစိတွင်းမှ ရေများကို ရေပိုက်လိုင်းသို့ပို့ကာ ဖြန့်ဝေခြင်း၊ ဒုတိယနည်းမှာ ကားများဖြင့် ဖြန့်ဝေပေးခြင်းနှင့် တတိယနည်းလမ်းမှာ ရပ်ကွက်များတွင် အဝီစိတွင်းများ တူးဖော် ပေးခြင်းဖြစ်တို့ ဖြစ်သည်ဟု စစ်တွေမြို့နယ် စည်ပင်ကော်မတီ အမှုဆောင်အရာရှိ ဦးကျော်မိုးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“ စစ်တွေမြို့ကို ကန်တော်ကြီးနဲ့ ဆတ်ရိုးကျရေကန် နှစ်ကန်ကနေ ဖြန့်ဝေ ပေးနေတာပါ။ ကန်တော်ကြီးမှာ ရေလက်ကျန်နည်းနေတော့ ရေပေးလို့ မရတဲ့အနေအထားပါ။ ဆတ်ရိုးကျ ကတော့ ပုံမှန်အတိုင်း ရေစုပြီး ပေးနေပါတယ်။ နောက်တစ်ခုက ကန်တော်ကြီး ရေပိုက်လိုင်း ဘေးမှာ ၄ လက်မ အဝီဝိတွင်း ၁၆ တွင်း တူးပြီးတော့ အဝိစီရေတွေကို စုပ်ထည့်ပြီး ရေပိုက်လိုင်းက တစ်ဆင့် ဖြန့်ဝေပေးနေပါတယ်”ဟု သူက ဆိုသည်။
၎င်းပြင် “နောက်နည်းလမ်းတစ်ခုကတော့ စည်ပင်က ရေသယ်ယာဉ် ၆ စီး၊ မီးသတ်ဌာနက ၂ စီးကို အသုံးပြုပြီးတော့ နံနက် ၈ နာရီက ညနေ ၆ နာရီထိ လိုအပ်တဲ့ ရပ်ကွက်တွေကို ဖြန့်ဝေပေးနေပါတယ်။ ပုံမှန်ဖြန့်ပေးနေတဲ့ ရပ်ကွက်တွေရှိပါတယ်။ ရပ်ကွက်တွေ မကျန်ရှိအောင် ဖုန်းဆက်အကြောင်းကြားဖို့လည်း ရပ်ကွက်တွေမှာ ကျေညာပေးထားပါတယ်”ဟု ဦးကျော်မိုးက ပြောသည်။
ကားများဖြင့် အဓိက ရေဖြန့်ဝေပေးနေရသည့်ရပ်ကွက်များမှာ ဆင်ကူးလမ်း၊ ဓညဝတီ၊ ကုန်တန်း၊ မိဇံ၊ လမ်းမတော်တောင်၊ တရားသီးစုနှင့် မင်းဂံရပ်ကွက်တို့ပါဝင်ပြီး တစ်နေ့လျှင် ပျမ်းမျှ ခေါက်ရေ ၃၀ မှ ၃၅ ခေါက်ထိ ဖြန့်ဝေပေးနေရသည်ဟုဆိုသည်။
ရေရှားပါးနေသဖြင့် ရပ်ကွက်များတွင် အဝီစိတွင်း တူးဖော်ပေးခြင်းဖြစ်ပြီး ၂ လက်မ အဝီစိတွင်း ၁၃ တွင်းကို တူးဖော်ပေးထားပြီဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ရပ်ကွက်များတွင် နဂိုကတည်းကရှိနေသည့် အဝီစိတွင်းနှင့် ရေကန်များကို အသုံးပြု၍ ဖြေရှင်းပေးနေကြောင်း သိရသည်။
ရွာကြီးမြောက်ရပ်ကွက်တွင် ဆန်စက်ပိုင်ရှင် တရုတ်သူဌေး ဦးအောင်ခင်ဟို တူးဖော်ခဲ့သည့် ရေတွင်းကြီး တစ်တွင်းရှိပြီး ထိုရေတွင်းမှရေကို အနီးရှိရေကန်သို့ ပို့လွှတ်ပြီး၊ ရွာကြီးမြောက်ရပ်ကွက်အတွက်သာမက၊ အနားအနားရှိ ရပ်ကွက်များကလည်း လာရောက် အသုံးပြုနေကြသည်ဟု သိရသည်။
“ဒီရေတွင်းကို ကျနော်တို့ မိသားစုက ပြုပြင်ထိန်းသိမ်းလာတာ ၃၉ နှစ်ရှိပါပြီ။ ဒီရေတွင်းကရေကို ရွာကြီးမြောက် ရပ်ကွက်သာမကဘဲ လမ်းမတော်၊ ဆင်ကူးလမ်း၊ အုန်းတပင်ရပ်ကွက်တွေအပြင် တည်းခိုခန်းပိုင်ရှင်တွေကလည်း ရေသယ်ကားတွေနဲ့ လာရောက်စုပ်ယူ အသုံးပြုနေကြပါတယ်”ဟု ရေတွင်းကို ထိမ်းသိန်းနေသူမိသားစုထဲမှ ဦးဘသန်းကပြောသည်။
အဆိုပါရေတွင်းကြီးသည် ပေ ၄၀ နက်ပြီး အဝီစိရေ ထွက်ရှိသည့်အတွက် ရေကို အချိန်အခါမရွေး အသုံးပြုနိုင်သည်ဟု သိရသည်။
ကန်တော်ကြီးမှရေကို ပုံမှန်မဖြန့်ဝေနိုင်သည့်အတွက် ထန်းပင်ရင်းသောက်ရေကန်မှ ရေကို ရေရောင်းချသူများ အသုံးပြုရောင်းချနေသည်မှာ တစ်လ ပြည့်နေပြီဟု သိရသည်။
“အနီးဆိုရင် တွန်းလှည်းတစ်စီးကို ၂၀၀၀ ကျပ်၊ နည်းနည်းလောက် လှမ်းရင် ၂၅၀၀ ကျပ်နဲ့ ဝေးတဲ့နေရာတွေဆို ၃၀၀၀ ကျပ်ထိယူပါတယ်။ နားနားနေနေလုပ်တော့ တစ်နေ့ကို ၇ ခေါက်လောက် သယ်ရပါတယ်”ဟု ထန်းပင်ရင်းရန်ကန်မှ ရေကိုရောင်းချနေသူတစ်ဦးက ပြောသည်။
ထန်းပင်ရင်းရေကန်မှရေကို လမ်းမတော်တောင်၊ လမ်းမတော်မြောက်၊ ရွှေပြားမြောက်၊ ရွှေပြားတောင်၊ တရားသိစုနှင့် မြို့သူကြီးရပ်ကွက်အထိ အသုံးပြုနေကြသည်ဟု သိရသည်။
“ဒီကန်ကရေကို မနက် ၅ နာရီ ၆ နာရီကနေ ညဉ့် ၉ နာရီ ၁၀ နာရီအထိ တွန်းလှည်းတွေနဲ့ လာသယ်ကြပါတယ်။ ညဘက် အလုပ်အားချိန်ဆို ရေခပ်တဲ့လူတွေ ပိုများပါတယ်။ အခုထိ ရေကန်ထဲမှာ ရေ ၁၀ ပေအနက်ထိ ကျန်ရှိနေပါသေးတယ်။ အခုတော့ လိုသလောက် သယ်ယူရောင်းချခွင့် ပြုထားပါတယ်။ ရေနည်းလာရင်တော့ ရေရောင်းသူတွေကို ကန့်သတ်ပြီးတော့ ခွင့်ပြုပေးသွားမှာပါ”ဟု ထန်းပင်ရင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သိန်းက ပြောသည်။
ရွှေပြားရပ်ကွက်တွင် ပိုက်လိုင်းမှ ဖြန့်ဝေနေသည့်ရေ ၂ ပတ်ပြတ်တောက်သွားသည့်အတွက် ရေတွန်လှည်းတစ်စီးကို ၃၀၀၀ ကျပ်နှုန်းဖြင့် အသုံးပြုလိုက်ရသည်ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။
“ရေမလာတော့ ဂါလံဗူး ၁၀ ဗူးပါတဲ့ ရေတွန်းလှည်းတစ်စီးကို ၃၀၀၀ ကျပ်နဲ့ တစ်နေ့ကို တစ်စီးကျစီ ဝယ်ယူအသုံးပြုခဲ့ရတာ ၂ ပတ်တိတိပါ။ မနေ့ညနေကစပြီးတော့ ပိုက်လိုင်းက ရေလာပါပြီ။ ရေနောက်ပေမယ့် ရေမရတာနဲ့စာရင် အဆင်ပြေတယ်လို့ ပြောရမှာပါ”ဟု ရွှေပြားရပ်ကွက်တွင်နေထိုင်သူ ကိုခင်မောင်ဦးက ပြောသည်။
လက်ရှိစစ်တွေမြို့သို့ ရေဖြန့်ဝေပေးနေသည့် ဆတ်ရိုးကျရေကန်သည် ဇွန်လ ပထမပတ်အထိ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ စည်ပင်ဝန်ကြီးသစ် ဦးဝင်းမြင့်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စည်ပင်ကော်မတီဝင်များကို မေလ ၂၂ ရက်နေ့တွင် အစည်းအဝေးခေါ်ယူထားသည်ဟု သိရှိရသည်။
စစ်တွေမြို့တွင် အဓိက ရေဖြန့်ဝေပေးနေသည့် ကန်တော်ကြီးကို အင်္ဂလိပ်တို့ အုပ်ချုပ်စဉ် ၁၉၀၆ ခုနှစ်က တူးဖော်ခဲ့သည်ဟု သိရသည်။







