ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကုန်ဘောင် (၁) စံပြကျေးရွာတွင် တမူထူးခြားသည့် ရိုးရာ အစဉ်အလာ ပွဲတော် တစ်ခု ဖြစ်သည့် ‘ အမျိုးအဆွေ ရွာလည်ပွဲ’ ကို မေလ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ (၂) ရက်တိုင်တိုင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
၎င်းအမျိုးအဆွေ ရွာလည်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မေလ ၁၉ ရက်နေ့က ပြုလုပ်ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုဝန်ကြီး ဦးကျော်လွှင် တက်ရောက် ဖွင့်လှစ် ပေးခဲ့သည်ဟု သိရသည်။
၎င်းပွဲတော်မှာ ရှေးဘိုးဘွားလက်ထက်ကတည်းက ကုန်ဘောင်ကျေးရွာတွင် ကျင်းပလာခဲ့ပြီး အထူးသဖြင့် မိုးရာသီ လယ်ယာလုပ်ငန်း မစတင်မီ ရာသီ ဥတုကောင်းမွန်ချိန်တွင် ယင်းပွဲတော်ကို ကျင်းပလေ့ရှိကြောင်း သိရသည်။
ကုန်ဘောင်(၁) စံပြကျေးရွာကို တောင်ဘက်ပိုင်းနှင့် မြောက်ဘက်ပိုင်း နှစ်ပိုင်း ခွဲလိုက်ပြီး ကျေးရွာသားများ အနေဖြင့် အဝတ်အစားမျိုးစုံဝတ်ဆင်ပြီး ရုပ်မျိုးစုံချယ်သ လိမ်းကျံကာ တစ်ပိုင်းနှင့် တစ်ပိုင်းကို သွားရောက်လည်ပတ်ကြရသည်ဟု သိရသည်။
ထိုသို့ သွားလည်ရာတွင်လည်း အိုးစည် ဗုံမောင်းများ တီးပြီး တစ်ပိုင်းလုံးမှ လူမကျန်အောင် သွားလည်ရပြီး တစ်ဦးနှင့် တစ်ဦး၊ တစ်မိသားစုနှင့် တစ်မိသားစု မာကြောင်း သာကြောင်း သတင်းသွားမေးရသည်ဟု ဆိုသည်။
“ သွားလည်တဲ့အခါ အိမ်မှာရှိတဲ့ လူတွေ အကုန်လုံးသွားလည်ရပါတယ်။ အိမ်တိုင်းလိုလိုကို သွားပြီး ကျန်းမာသလား၊ စီးပွားရေး အဆင်ပြေလား၊ ကျန်းရေး မာရေး သွားမေးရတယ်။ ဒီလိုလုပ်တော့ တစ်ဦးနဲ့ တစ်ဦး၊ တစ်မိသားစုနဲ့ တစ်မိသားစု ချစ်ခင်ရင်းနှီးမှုတွေ ရရှိတော့ ဒီပွဲက အင်မတန်ကို အကျိုးရှိစေပါတယ်” ဟု ရွာလူကြီး တစ်ဦးက ပြောဆိုသည်။
ကုန်ဘောင်ရွာတွင် ပြုလုပ်သည့် အမျိုးအဆွေ ရွာလည်ပွဲ၏ စိတ်ဝင်စားဖွယ်ရာ ထူးခြားချက်မှာ ကလေးက လူကြီးအားလုံး ရုပ်မျိုးသုံးဆယ် ဝတ်စားဆင်ပြီး ပွဲတော်ပါဝင် ဆင်နွဲရခြင်းပင် ဖြစ်သည်ဟု သိရသည်။
ရမ်းဗြဲမြို့နယ်မှ ကုန်ဘောင်ရွာသည် အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသည့် ရွာကြီး တစ်ရွာဖြစ်ပြီး အထက်တန်းကျောင်းရှိကာ အများစုမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြခြင်း ဖြစ်သည်။
လယ်ယာလုပ်ငန်းခွင်သို့ ဝင်သွားကြလျှင် ကျေးရွာသားများ အနေဖြင့် တစ်ဦးနှင့် တစ်ဦး ဆုံတွေ့ရန် မလွယ်ကူတော့၍ လယ်ယာလုပ်ငန်း မစတင်မီ အမျိုးအဆွေ ရွာလည်ပွဲကို ရာသီဥတု သာယာသည့် နေ့ရက် နှစ်ရက်ကို ရွေးချယ်ကျင်းပကြခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နှစ်က ကျင်းပသည့် အမျိုးအဆွေရွာလည်ပွဲကို ဇွန်လ ၃ ရက်နေ့က စတင်ကျင်းပခဲ့ပြီး ဇွန်လ ၄ ရက်နေ့တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။







