ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဦးသန်းဝင်းက ၎င်း၏ အိတ်စိုက်ငွေ ကျပ်သိန်း ၂၀၀ ဖြင့် အကျယ် ၁၀ ပေ၊ အလျား ပေ၂၉၀၀ ကျော်ရှိ မြေသားလမ်းကို ကျောက်ခင်းလမ်းအဖြစ် မြှင့်တင်နေကြောင်း သတင်းရရှိသည်။
၎င်းလမ်းမှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက် ပတ်လမ်းရှိ တောင်ဘက်အပိုင်း မြေသားလမ်းပိုင်း ဖြစ်ပြီး ရာသီမရွေး ကားများဖြင့် သွားလာနိုင်ရန် ရည်ရွယ်၍ ကျောက်ခင်းလမ်း အဖြစ် အဆင့်မြင့်တင်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော် ဒီလမ်းပိုင်းကို တောင်မြေခင်းလာခဲ့တာ လွန်ခဲ့တဲ့ သီတင်းကျွတ်ကတည်းကပါ။ တောင်မြေကားတစ်စီးဖိုး ၇၅၀၀၀ ကျပ်နဲ့ ကားအစီး ၃၀ ကျော် မှာယူပြီး ခင်းထားပါတယ်။ အဲ့ဒီအပေါ်က ကျောက်ခင်းတဲ့ အလုပ်ကိုစလုပ်ခဲ့တာတော့ နှစ်ပတ်လောက်ရှိပါပြီ။ ရိုလာ လမ်းကြိတ်စက်တစ်စီးကိုတော့ ငွေဖြိုးထွန်း ကုမ္ပဏီက အကူအညီပေးထားပါတယ်”ဟု ရခိုင်စီးပွားရေးလုပ်ငန်းရှင် ဦးဦးသန်းဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါလမ်းပိုင်းတွင် ဆတ်ရိုးကျတံတားနှင့် စက်ရုံစုပတ်လမ်းတွင် ကျောက်ချော လမ်းခင်း ဖြစ်သွားပြီဖြစ်သော်လည်း ယခု လမ်းပိုင်းမှာ မြေသားလမ်း ဖြစ်နေသဖြင့် ရာသီ မရွေးသွားလာနိုင်ရန် ရည်ရွယ်ပြီး ကျောက်ခင်းခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။
ကျောက်ချောလမ်းကို ယခုအခါတွင် ပေ ၁၈၀၀ ခန့် ခင်းပြီသွားပြီဖြစ်ပြီး၊ ကျန်အပိုင်းကို ဆက်ခင်းသွားမည်ဖြစ်ကာ စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း ၂၀၀ ကျော်ရှိမည်ဟု ဆိုသည်။
“ဒီလမ်းက မြို့ရှောင်ပတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အဲ့ဒီအနီးအနားမှာ နယ်ကလာတဲ့ ငါးခြောက် စက်လှေတွေ၊ ဆန်စက်လှေတွေ၊ ကျောက်စရစ်စက်လှေတွေ၊ ထင်းစက်လှေတွေ လာဆိုက်ကပ်ပြီးတော့ ကားတွေနဲ့ တစ်ဆင့်သယ်တာတွေရှိနေပါတယ်။ မိုးတွင်းဆိုရင် ကားကို မဆိုထားနဲ့၊ လူတွေတောင် လမ်းလျှောက် သွားရတာ အဆင်မပြေပါဘူး။ နယ်ကလာတဲ့ စက်လှေသမားတွေ ပစ္စည်းအတင်အချလုပ်ပြီး ပစ္စည်းတွေကို ချောမွေ့စွာ သယ်ယူနိုင်ဖို့နဲ့ အနီးအနားကလူတွေ သွားရေးလာရေး လွယ်ကူဖို့အတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေရတာဖြစ်ပါတယ်”ဟု ဦးဦးသန်းဝင်းက ပြောသည်။
စစ်တွေမြို့ဘက်ကမ်းတွင် ဆိပ်ကမ်းတိုင်း၌ ပိုင်ရှင်ရှိပြီး ဆိုက်ကပ်ခ အခကြေးငွေ ပေးနေရသည့် အတွက် နယ်မှလူများ အဆင်ပြေစေရန် ရည်ရွယ်ချက်လည်း ပါသည်ဟု ဆိုသည်။
ရခိုင်စီးပွားရေးလုပ်ငန်းရှင် ဦးဦးသန်းဝင်း၌ ယခုလက်ရှိတွင် စက်ရုံစုရပ်ကွက်၌ ဆားကြိတ်စက်ရုံ တစ်ရုံ၊ ဖွေးမှ လောင်စာချောင်း ထုတ်လုပ်သည့် စက်ရုံတစ်ရုံရှိပြီး၊ နောက်ထပ် တန် ၆၀ ကျ ဆန်စက်ကြီး တစ်လုံးကိုလည်း ဆောက်လုပ်နေသည်ဟု သိရသည်။







