မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာတွင် မီးလောင်၍ နေအိမ် ၉၄ လုံးပျက်စီး

မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာတွင် မီးလောင်၍ နေအိမ် ၉၄ လုံးပျက်စီး
by -
မာန်ယုကျော်

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးနယ်မြေရှိ ဝဘော်ကြီးကျေးရွာတွင် မီးလောင်၍ နေအိမ် ၉၄ လုံး မီးလောင်စီးဆုံးရှုံးသွားကြောင်း ကျေးရွာသားများက နိရဥ္စရာသို့ပြောသည်။

"၉၄ လုံးကတော့ လုံးဝ လောင်သွားတာ။ ပြာပဲ ကျန်ခဲ့တယ်။"ဟု ကျေးရွာသား ကိုအောင်ဌေးက ဆိုသည်။

ယင်းအပြင် အနည်းအကျဉ်းမီးလောင်သွားသည့်နေအိမ်အချို့လည်း ရှိကြောင်း သူက ဆက်ပြောသည်။

၎င်းမီးမှာ မေလ ၁၂ ရက်နေ့၊ ည ၁၁ နာရီခန့်က ကျေးရွာတွင်းရှိ သကြားကြိတ်စက်ရှိသည့် နေအိမ်မှ စတင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေလ ၁၃ ရက်နေ့၊ နံနက် ၂ နာရီခန့်မှ မီးညွန့်ကျိုးသွားကြောင်းလည်း ကိုအောင်ဌေးက ဆိုသည်။

"သကြားကြိတ်စက်အိမ်ကနေ မီးပွင့်ထွက်လာတယ်။ အထဲမှာ တစ်ခုခုတော့ လောင်နေမှာပေါ့လေ။ အဲဒီကစပြီး တစ်ရွာလုံးကို ကူးလာတာ"ဟု သူက ပြောသည်။

သကြားကြိတ်စက်ရှိသည့်နေအိမ်တွင် လူမနေဘဲ ရွာသစ်သို့ နေအိမ်အသစ် ဆောက်လုပ် နေထိုင်နေသည်မှာ ၁ဝ ရက်ခန့်ရှိပြီဟုလည်း သိရသည်။

မီးလောင်မှုကြောင့်ပျက်စီးသွားသည့်နေအိမ်မိသားစုများသည် လက်ရှိတွင် ရွာတွင်းရှိ ဘုန်းကြီးကျောင်းတွင် ယာယီတည်းခိုနေရပြီး ကူညီထောက်ပံ့မှုများစွာလိုကြောင်းလည်း ဒေသခံများက ပြောသည်။

မီးလောင်သည့်ကိစ္စနှင့်ပတ်သက်ပြီး မြေပုံမြို့နယ်မီးသတ်ဦးစီးဌာန၊ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန၊ မြေပုံမြို့နယ် ရဲတပ်ဖွဲ့၊ မြေပုံမြို့မရဲစခန်း၊ ကမ်းထောင်းကြီးနယ်မြေရဲမှူးနှင့် ဝဘော်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...