ဦးရာဇ်တော်ဓါတ်စေတီ ဓါတ်လှေကားတည်ဆောက်ရေးအတွက် အလှူငွေများဆက်လက် လှူဒါန်းနေ

ဦးရာဇ်တော်ဓါတ်စေတီ ဓါတ်လှေကားတည်ဆောက်ရေးအတွက် အလှူငွေများဆက်လက် လှူဒါန်းနေ

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရာဇ်တော်ဓါတ်စေတီတော်မြတ်ကြီးတွင် ဓါတ်လှေကားတစ်စင်းကို ကျပ်သိန်းပေါင်း ၄၈၀၀ ခန့် အကုန်အကျခံ တည်ဆောက်နေရာ အလှူငွေများကို ဆက်လက် လှူဒါန်းလျက်ရှိနေကြောင်း ဂေါပက အဖွဲ့ဝင် ဦးသာကျော်က နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ လှူဒါန်းရာတွင် မေလ ၉ ရက်နေ့က ရန်ကုန်မြို့ သာကေတ မြို့နယ်မှ ဦးသိန်းထွန်းနှင့် ဒေါ်မမြသိန်း မိသားစု ကျပ် ၅ သိန်း၊ ရန်ကုန်မြို့မှ ဦးမောင်မောင်နှင့် ဒေါ်ချစ်စု မိသားစုမှ ကျပ် တစ်သိန်း၊ ပုဏ္ဍားကျွန်းမြို့နယ် အလယ်ချောင်းကျေးရွာအသင်း (ရန်ကုန်) မှ တစ်သိန်း လှူဒါန်းခဲ့သည်ဟုသိရသည်။

“ ဒီဓာတ်လှေကားအတွက် သိန်း ၄၈၀၀ လောက်ကုန်မယ်လို့ ခန့်မှန်းထားပါတယ်။ အခု သင်္ကြန်အလွန်ထိ တော်တော်များများရရှိထားပြီး သိန်းပေါင်း ၆၀၀ လောက်ဘဲ လိုပါတော့တယ်။ ဒီအတွက် အလှူငွေတွေကို ဆက်လက်ကောက်ခံနေရာမှာ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ရခိုင်အမျိုးသား ဦးသိန်းထွန်းမိသားစုက ကျပ် ၅ သိန်းနဲ့ တစ်ခြား လူတွေ လှူတဲ့ ငွေ ၂ သိန်းကိုလည်း သူကိုယ်တိုင် လာရောက် လှူဒါန်းခဲ့ပါတယ်” ဟု ဂေါပက အဖွဲ့ဝင် ဦးသာကျော်က ပြောသည်။

ဦးရာဇ်တော်ဓါတ်စေတီတော်မြတ်ကြီးတွင် တည်ဆောက်နေသည့် ဓါတ်လှေကားမှာ ယခုနှစ် ၀ါအလွန်တွင် ပြီးစီးနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ဓါတ်လှေကား စက်အား လေလံစနစ်ဖြင့် တင်ဒါခေါ်ယူသွားမည် ဖြစ်ကြောင်း ဦးသာကျော်က ဆက်လက် ပြောကြားသည်။

ငွေကျပ် ၅ သိန်း ထည့်ဝင်လှူဒါန်းသူ ဦးသိန်းထွန်းက “ ကျွန်တော်က မြန်မာ့စီးပွားရေးဘဏ်က အငြိမ်းစား ဝန်ထမ်းတစ်ဦးပါ။ ဒီဓါတ်လှေကားအတွက် ငွေလှူချင်တဲ့ အတွက် ဒီဘုရားထိ ကျွန်တော် ဇနီးနဲ့ အတူ လာရောက်လှူဒါန်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ဒေသ ရခိုင်က တန်ခိုးကြီး ဘုရားမှာ ခုလို ဓါတ်လှေကား တပ်ဆင်တာကို တွေ့ရတဲ့ တစ်ဘက်တစ်လမ်းက ကိုယ်နိုင်သလောက် ကူညီလှူဒါန်းတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုအခါ တည်ဆောက်နေသည့် ဓါတ်လှေကားတိုင်များမှာ ပြီးစီးသွားပြီ ဖြစ်ပြီး ယခုအခါ အပေါ်လူသွားလမ်းကို ကွန်ကရစ်လောင်းနေကြောင်း သိရှိရသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...