ချင်းပြည်နယ် ပလက်ဝမြို့တွင် ကျင်းပမည့် (၆) ကြိမ်မြောက် အောင်စေတီတော်မြတ် ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ထည့်သွင်းကျင်းပမည့် လှေပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ အပါအဝင် ပျော်ပွဲရွှင်ပွဲများ ကျင်းပခွင့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးမှ တိုင်းပြည် အခြေအနေ မကောင်းဟုဆိုကာ ပိတ်ပင်လိုက်သည်ဟုသတင်းရရှိသည်။
ယင်းကဲ့သို့ တိုင်းပြည် အခြေအနေမကောင်း၍ ပျော်ပွဲရွှင်ပွဲများ ကျင်းပခွင့်မပြုနိုင်ကြောင်းကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင်မှ မေလ ၆ ရက်နေ့က ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ၂ ဦးအား ခေါ်ယူပြီး ပြောကြားခဲ့ကြောင်း သိရသည်။
ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြူလှက “ ပလက်ဝ ရွာမ ရပ်ကွက်က ဦမောင်ဖြူနဲ့ ဦးမောင်သောင်း တို့ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က မေ ၆ ရက် ည ၄ နာရီမှာ သူရုံးကို ခေါ်ယူတွေ့ဆုံပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူး၊ မြို့နယ် သာသနာရေးမှူး၊ မြို့မိ မြို့ဖထဲက ရခိုင်အမျိုးသား ရှေ့နေ မောင်သိန်းထွန်း၊ ခမီအမျိုးသား ဦးဝေထွန်းတို့လည်း ရှိတယ်လို့ သိရပါတယ်။ ပွဲကျင်းပရေးနဲ့ ပတ်သက်ပြီး စာတင်ထားတာနဲ့ ပတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက တပ်မတွေ တစ်မ နှစ်မ သုံးမထိ တက်နေတာကို မသိကြဘူးလား။ ဒီလောက်တိုင်းပြည် အခြေအနေမကောင်းတာမှာ ဘာကြောင့် ပွဲ ချချင်နေကြတာလဲစသဖြင့် ပြောတယ်လို့ သိရပါတယ်။ ပီးရင် အောက်ပွဲကိုတော့ ခွင့်မပြုနိုင်ဘူး။ အထက်ပွဲကိုတော့ သံဃာနာယက ဥက္ကဋ္ဌ ဆရာတော်နဲ့ တိုင်ပင်ပြီး ခွင့်ပြုရင် လုပ်နိုင်ပါတယ်လို့ ပြောဆိုတယ်လို့ သိရပါတယ်” ဟု ပြောသည်။
အောက်ပွဲမှာ လှေပြိုင်ပွဲ၊ ချောတိုင် တက်ပွဲ နှင့် တစ်ခြား ပျော်ပွဲရွှင်ပွဲများကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်ပြီး အထက်ပွဲမှာ ပရိတ်ပဌာန်း ရွတ်ဖတ် ပူဇော်ပွဲကို ဆိုလိုခြင်း ဖြစ်ကြောင်းသူက ရှင်းလင်း ပြောကြားသည်။
“ ပျော်ပွဲရွှင်ပွဲကို ပိတ်လိုက်ပါပြီ။ ပရိတ်ပဌာန်း ရွတ်ဖတ် ပူဇော်ပွဲကို ကျင်းပမလား။ မကျင်းပဘူး လားဆိုတာကတော့ ဒီကနေ့မှဘဲ ဆရာတော်ကြီးဆီ သွားကြမှာ ဖြစ်ပါတယ်။ ဆရာတော်ကြီး ခွင့်ပြုရင်တော့ လုပ်မယ်။ မပြုဘူးဆိုရင်တော့ မလုပ်ရတော့ဘူးပေါ့” ဟု ဦးဖြူလှက ဆက်လက် ပြောကြားသည်။
၎င်းပြင် မေလ ၆ ရက်နေ့က တွေ့ဆုံပွဲတွင် အောင်စေတီတော်တွင် စိုက်ထူထားသည့် ရခိုင်နှင့် ပတ်သက်သည့် အလံများကို ဖြုတ်ချပေးရန် မြို့နယ် အုပ်ချုပ်ရေးမှူးက ဖိအားပေး ပြောဆိုမှုများရှိခဲ့သည်ဟု သိရသည်။
“ ဒီပလက်ဝမြို့နယ်မှာ ရခိုင်နဲ့ ပတ်သက်တဲ့ ပွဲတွေကို ပိတ်ပင်လာတာ ဒီတစ်ပွဲတည်း မဟုတ်ဘူး။ ရခိုင်အမျိုးသားနေ့ဆိုရင်လည်း ကျင်းပခွင့်မရဘူး။ ရခိုင်ပြည်နယ်နေ့ဆိုလည်း ကျင်းပခွင့်မရဘူး။ အခုဆိုရင် ဗုဒ္ဓဘာသာ ပွဲလန်းသဘင်တွေကို တားမြစ်ပိတ်ပင်လာတယ်။ လူမျိုးရေး ခွဲခြားမှုလို့ဘဲ ဦးဇင်းတို့က သဘောထားပါတယ်” ဟု အောင်စေတီကျောင်းမှ အရှင် ကုလဝံသ မှ ပြောကြားသည်။
ယခု အောင်စေတီဟု ခေါ်ဆိုသော စေတီမှာ သာသနာသက္ကရာဇ် ၂၂၂ ခုနှစ်က တတိယ ဓညဝတီ ပြည်ရှင် ရခိုင်ဘုရင် သူရိယ စက္ကမင်းကြီးမှ ဘုရားရှင်၏ ကန်ကောက်တော် ဓာတ်ဖြင့် ဌာပနထည့် တည်ထားကိုးကွယ်ထားသော စေတီဖြစ်ကြောင်း ဘုရားသမိုင်းအရ သိရပါသည်။
အဆိုပါ ဘုရားပွဲတော်နှင့် ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်အား ဆက်သွယ်လိုသော်လည်း ဖုန်းနံပတ် မရှိသဖြင့် ဆက်သွယ် မေးမြန်း တင်ပြနိုင်ခြင်း မရှိပါ။







