စစ်တွေဗုံးကွဲမှုဖြင့် ဖမ်းဆီးပြီး နယ်စပ်ဖြတ်ကျော်မှုဖြင့် တရားစွဲခံထားရသူနှစ်ဦးကို မေလ ၈ ရက်နေ့ ရုံးထုတ်မည်

စစ်တွေဗုံးကွဲမှုဖြင့် ဖမ်းဆီးပြီး နယ်စပ်ဖြတ်ကျော်မှုဖြင့် တရားစွဲခံထားရသူနှစ်ဦးကို မေလ ၈ ရက်နေ့ ရုံးထုတ်မည်

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပေါက်ကွဲခဲ့သည့် စစ်တွေဗုံးကွဲမှုသံသယဖြင့် ဖမ်းဆီးပြီးနောက် နယ်စပ်ဖြတ်ကျော်မှုဖြင့် အမှုဖွင့်ခံထားရသူနှစ်ဦးကို မေလ ၈ ရက်နေ့တွင် ရုံးထုတ်မည်ဟု သိရသည်။

“ ကျွန်မ အဖေ ဦးသန်းရွှေနဲ့ မောင်မြင့်ကြည်တို့ကို ဗုံးပေါက်ပြီးတဲ့ နောက်မှာ ရဲက ဖမ်းဆီး ခဲ့ပါတယ်။ အခုတော့ သူတို့နှစ်ဦးကို နယ်စပ်ဖြတ်ကျော်မှု ၁၃ (၁) နဲ့ တရားစွဲဆို ထားပါတယ်။ လာမယ့် မေ ၈ ရက်နေ့မှာ ထပ်မံ ရုံးထုတ်မှာ ဖြစ်ပါတယ်” ဟု ဦးသန်းရွှေ၏ သမီးဖြစ်သူ မခိုင်နှင်းဝေက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဦးသန်းရွှေနှင့် မောင်မြင့်ကြည်တို့အား မတ်လ ၂၉ ရက်နေ့က စစ်တွေတရားရုံးတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃ (၁) ဖြင့် ရဲက တရားစွဲဆိုခဲ့ပြီး မေလ ၂ ရက်နေ့ ရုံးထုတ်ခဲ့သည်။

ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က စစ်တွေမြို့တွင် ပေါက်ကွဲခဲ့သည့် လက်လုပ်ချိန်ကိုက် ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပြီးနောက် စစ်တွေ ဒေသခံ ၉ ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၅ ဦးကို ပြန်လည် လွတ်ပေးခဲ့ကာ ၂ ဦးကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ ကျန် ၂ ဦးကို နယ်စပ် ဖြတ်ကျော်မှုဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။

အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံရသူ နှစ်ဦးမှာ ဦးမောင်အေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ ဖြစ်ကြပြီး ဧပြီလ ၂၄ ရက်နေ့တွင် စစ်တွေမြို့ ခရိုင်တရား ရုံး၌ အမှု ၃ ခုဖြင့် ရဲက စွဲချက်တင်ခဲ့သည်။

၎င်းနှစ်ဦးအား အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၅၀ (က) /(စျ) (အမှုအမှတ် ၂၉/၂၀၁၈) ၊ ရာဇသတ်ကြီးပုဒ်မ ၅၀ (စျ) (အမှုအမှတ် ၃၀/၂၀၁၈) နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀ (စျ) (အမှုအမှတ် ၃၁/၂၀၁၈) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်ဟု သိရသည်။

လွတ်မြောက်လာသူ ၅ ဦးထဲမှ ဦးနိုင်စိုး၊ ဦးမောင်မြင့်ရွှေ၊ ဦးရွှေထွန်းအောင်နှင့် ဦးတင်မြင့်ရွှေတို့ကို မတ်လ ၂၆ ရက်တွင် လည်းကောင်း၊ ဦးမောင်သိန်းဦးကို မတ် ၂၇ ရက်နေ့တွင် လည်းကောင်း စစ်တွေမြို့မရဲစခန်းမှ အာမခံဖြင့် လွတ်ပေးခဲ့သည်။

“ ကျွန်မတို့ ရှေ့နေ တစ်ဦးတော့ ငှားထားပါတယ်။ ဒါပေမယ့် လွတ်ဖို့ မလွယ်သေးဘူးလို့ ကြားရတဲ့ အတွက်လည်း အထူးစိတ်မကောင်း ဖြစ်မိပါတယ်။ မိသားစုတွေကလည်း စိုးရိမ်နေကြပါတယ်။ ဗုံးကွဲမှုနဲ့ မသက်ဆိုင်ရင် အဖေတို့ကို တစ်ခြားအမှုနဲ့ တရားစွဲတာ မသင့်တော်ဘူးလို့ ထင်ပါတယ်။ လွတ်ပေးဖို့ ကောင်းပါတယ်” ဟု မခိုင်နှင်းဝေက ပြောကြားသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...