၁၉၉၄ ခုနှစ်ကတည်းက သိမ်းယူပြီး ပုဂ္ဂလိကသို့ လက်သို့ ရောင်းချလိုက်သည့် သံတွဲမြို့၊ အံတော်ကျေးရွာပိုင် စားကျက်မြေ ၁၃၅ ဧကကို ပြန်လည် ပေးအပ်ရန် သံတွဲဒေသခံ ၂၀၀ ခန့်က ယနေ့ ဆန္ဒဖော်ထုတ်ကာ တောင်းဆိုခဲ့ကြသည်ဟု သတင်းရရှိသည်။
“ ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာတဲ့ အံတော်ကျေးရွာပိုင် စားကျက်မြေ ၁၃၅ ဧကကို ၂၇-၄- ၁၉၉၄ ခုနှစ်မှာ ဗိုလ်မှူးတင့်ဆန်းနဲ့ ဗိုလ်မှူးခင်မောင်သန်းက သိမ်းယူသွားခဲ့ပြီး ရော်ဘာ စိုက်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဒီမြေကို သိန်းပေါင်း ၂၅ဝဝနဲ့ ပုဂ္ဂလိက် လုပ်ငန်းရှင် တစ်ဦးကို ရောင်းလိုက်ပါတယ်။ ဒီမြေဟာ ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေလက်ထက်ကတည်းက ပိုင်ဆိုင်လာတဲ့ စားကျက်မြေ ဖြစ်တဲ့ အတွက် ဒီမြေကို ပြန်လည် ရရှိရေးအတွက် ဒီကနေ့ ခုလို ဆန္ဒဖော်ထုတ် တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးစံအောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
ဆန္ဒဖော်ထုတ်သူ ၂၀၀ ခန့်သည် အံတော်ရပ်ကွက်မှ ဖြစ်ကြပြီး ယနေ့ နေ့လယ် ၂ နာရီခန့်တွင် သံတွဲမြို့ ကြံ့ခိုင်ရေးပါတီရုံးရှေ့တွင် စုရပ်လုပ်ပြီး မြို့ထဲရှိ လမ်းများပေါ် ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သိရသည်။
ဆန္ဒပြရာတွင် ပါဝင်သူ ဒေါ်မြင့်မြင့်စန်းက “ ကျွန်မတို့တောင်းဆိုတာက ကျေးရွာပိုင်စားကျက်မြေ သိမ်းယူသူ (ဒို့ရန်သူ)၊ ဗိုလ်မှူးတင့်ဆန်း- ဗိုလ်မှူးခင်မောင်သန်း သိမ်းဆည်းထားသော စားကျက် မြေပြန်လည် ရရှိရေး (ဒို့အရေး)၊ စားကျက်မြေ အား ဖျက်သိမ်းသည့် ဌာနများ (အလိုမရှိ)၊ စားကျက်မြေကို ဖျက်ဆီးနေသည့်ကုမ္ပဏီမှ ရပ်တန့်ပေးရေး (ဒို့အရေး)နဲ့ သိမ်းဆည်းမြေများ ပြန်လည် ရရှိရေး (ဒို့အရေး) တို့ ဖြစ်ကြပါတယ်” ဟု ပြောဆိုသည်။
သံတွဲမြို့ရှိ အံတော်ဘုရားမှာ ရှေးဟောင်း သမိုင်းဝင် စေတီတော် တစ်ဆူဖြစ်ပြီး ဘုရားအနီး ဝန်းကျင်ရှိ မြေများကို စားကျက်မြေများ အဖြစ်ဖြင့် ဒေသခံများ ဘိုးစဉ် ဘောင်ဆက် ထိန်းသိမ်း လာခဲ့သည့် မြေများ ဖြစ်ကြောင်း သိရှိရသည်။
“ ကျွန်မတို့က နိုင်ငံတော် အကြီးအကဲတွေကို ပြောချင်တာက ဒီမြေတွေဟာ ဘိုးဘွားပိုင် မြေတွေ ဖြစ်ပါတယ်။ နိုင်ငံတော် အတွက် လိုအပ်လို့ သုံးတယ်ဆိုရင် ကျွန်မတို့ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ အခုတော့ ရွာသားတွေပိုင် မြေကို သိမ်းပြီး ကိုယ်ကျိုးအတွက် အသုံးချတဲ့ အတွက် ကန့်ကွက်ရတာ ဖြစ်ပါတယ်။ ပြန်လည် ပေးအပ်ဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ဒေါ်မြင့်မြင့်စန်းက ပြောဆိုသည်။
၎င်းမြေများအား ပြန်လည် မရရှိပါက ယခုလို ဆန္ဒဖော်ထုတ်ပွဲများကို ဆက်တိုက် ပြုလုပ်သွားမည်ဟု ဦးစံအောင်က ပြောဆိုသည်။
မွန်းလွဲ ၂ နာရီခွဲတွင် အထက (၂) ရှေ့တွင် ဆန္ဒဖော်ထုတ်ပွဲကို အောင်မြင်စွာ အဆုံးသတ်လိုက်သည်ဟု သိရသည်။







