ချင်းပြည်နယ် နယ်စပ်ကျေးရွာတွင် အစာအိမ်နှင့် သွားပိုးစားရောဂါများ အများဆုံးဖြစ်သည်ဟုဆို

ချင်းပြည်နယ် နယ်စပ်ကျေးရွာတွင် အစာအိမ်နှင့် သွားပိုးစားရောဂါများ အများဆုံးဖြစ်သည်ဟုဆို
by -
မွန်လွသူ

ချင်းပြည်နယ် မြောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဆေးဝါးကုသရန် ခက်ခဲသည့် နယ်စပ်ကျေးရွာ များတွင် နေထိုင်သော ဒေသခံပြည်သူများ၏ ရောဂါခံစားမှု အများဆုံးမှာ နာတာရှည် အစာအိမ်ရောဂါနှင့် သွားကိုက်၊ ပိုးစားရောဂါ ဖြစ်ကြောင်း ယင်းဒေသတွင် အခမဲ့ဆေးကုသပေးနေသော ဟွာလ်ငိုလူငယ်အဖွဲ့ထံမှ သိရှိရသည်။

“ကျွန်မတို့ ခရီးစဉ်တိုင်းမှာ လာရောက်ဆေးကုသခံနေသူတွေမှာ နာတာရှည် အစာအိမ်ရောဂါရှင်က အများဆုံးတွေ့ရတယ်။ ကျန်တာတော့ ခါးနာ၊အကြောနာ၊ အရေပြား ရောဂါဝေဒနာရှင်တွေလည်း ပိုများတာကို တွေ့ရတယ်” ဟု ယင်းအဖွဲ့၏ ဆေးကုသမှုခရီးစဉ်တွင် ပါဝင်လိုက်ပါခဲ့သော ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ အစ္စတာ လားဒင့်ထားရီးက ပြောသည်။

ချင်းလူမျိုးနွယ်စု တစ်စုဖြစ်သည့် ဟွာလ်ငို လူငယ်အဖွဲ့(Hualngo Youth Organization) သည် ၂၀၁၆ ခုနှစ်မှ စတင်ကာ နှစ်စဉ် သင်္ကြန်ကာလအတွင်း ချင်းပြည်နယ် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံ မြို့နယ်ရှိ ကျေးရွာ ၁၂ ရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူ လူနာ ၃၀၀၀ ခန့်အား အခမဲ့ဆေးကုသပေးခဲ့ခြင်းနှင့် ဆေးဝါးဖြန့်ဝေခြင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ရောဂါအဖြစ်များရခြင်းမှာ ဒေသခံများသည် ဆေးရွက်ကြီးရည်ဖြင့် ပြုလုပ်သော ငုံဆေး၊ ဆေးလိပ် သုံးစွဲခြင်း၊ အစာစားချိန် မမှန်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေ အလုံအလောက် မရရှိခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်းတို့ဖြစ်သည်ဟု ဒေါက်တာ အစ္စတာက ဆက်ပြောသည်။

သွားနှင့် ခံတွင်းဆိုင်ရာနှင့် ပတ်သတ်၍ ဖလမ်းပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာလားတန်ပွီးယာက သွားပိုးစားရောဂါ (Chronic irreversible pulpitis)၊ ရေစီးကမ်းပြိုရောဂါ (Chronic Localised Advanced Periodontitis) ခံစားသူ အများဆုံးဖြစ်ပြီး ယင်းသည် နည်းစနစ် မှန်ကန်စွာ သွားမတိုက်ခြင်း၊ သွားနှင့် ခံတွင်းဆိုင်ရာ ဗဟုသုတ အားနည်းခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ပြောသည်။

တစ်ပတ်ကြာ ဟွာလ်ငိုလူငယ်အဖွဲ့၏ အခမဲ့ဆေးကုသမှုခရီးစဉ်သည် ယခုဆိုလျင် သုံးကြိမ်ပြုလုပ်ခဲ့ပြီဖြစ်ပြီး ခရီးစဉ်တိုင်းတွင် အနည်းဆုံး ကျွမ်းကျင် ဆရာဝန် ၇ ဦးနှင့် သူနာပြုဆရာမ ၃ ဦးတို့ ပါဝင်ပြီး ယင်းတို့၏ ဆေးကုသပေးသူ အများစုမှာ အစာအိမ်၊ အကျော၊ ခါး၊ အရေပြား၊ သွား စသည့် ရောဂါများဖြစ်ကြောင်း ယင်းအဖွဲ့၏မှတ်တမ်းအရ သိရသည်။ ယခုကဲ့သို့ ဆေးကုုသမှုပြုလုပ်ရာတွင် လူနာ၏ ရောဂါအခြေအနေအရ ဆေးရုံတက်ရန်လိုအပ်သူများက်ို ဆေးရုံဘက်သို့လွှဲပြောင်းပေးခြင်းများပြုလုပ်ပေးကြောင်း ၂၀၁၈ ခုနှစ် ခရီးစဉ်တွင်လိုက်ပါသည့် ဒေါက်တာဒန်မောယာ၏ ပြောဆိုချက်အရ သိရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...