မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး (ရေးမြို့နယ်တာဝန်ခံ ၀န်ကြီး) ဗိုလ်မှူးကြီးဝင်းနိုင်ဦးနှင့်တွေ့ဆုံခြင်း

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး (ရေးမြို့နယ်တာဝန်ခံ ၀န်ကြီး) ဗိုလ်မှူးကြီးဝင်းနိုင်ဦးနှင့်တွေ့ဆုံခြင်း
by -
ရဲနိုင်
မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦး (Photo: Thanlwin Times)
မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦး (Photo: Thanlwin Times)

မေး - လက်ရှိအစိုးရလက်ထက် အုပ်ချုပ်ရေးယန္တရားပြုပြင်ပြောင်းလဲမှုအခြေအနေတွေနဲ့ပတ်သက်လို့ သုံးသပ်ချက်နဲ့ ဖြစ်စေချင်တဲ့ဆန္ဒကို သိပါရစေခင်ဗျာ။

ဖြေ - ယေဘုယျအနေနဲ့ပြောရရင် အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲမှုတွေရှိသင့်သလောက်ရှိနေ ပေမယ့် ပြောင်းလဲမှုလုပ်ဆောင်ချက်တွေနဲ့အတူ လိုက်လျောညီထွေတဲ့အရွေ့မျိုးတော့ ထပ်တူညီခြင်း မရှိသေးဘူးလို့ သုံးသပ်ရမိတယ်၊ ဖြစ်စေချင်တဲ့ဆန္ဒကတော့ ပြည်သူလူထုကို တကယ်ထိရောက်စွာ အကျိုးပြုတဲ့ပြောင်းလဲမှုနဲ့အတူ ကောင်းမွန်တဲ့အရွေ့ကို အချိန်နဲ့တပြေးညီ ဖော်ဆောင်နိုင်တဲ့ ဥပဒေ နှင့်လည်း ညီညွတ်ပြည့်စုံမှန်ကန်တဲ့ အုပ်ချုပ်ရေးယန္တယားပြုပြင်ပြောင်းလဲမှုကို ဖြစ်စေချင်တာ စိတ်ရင်းအမှန်ပါပဲ။

မေး - နောက်တစ်ခုက လွှတ်တော်ကဏ္ဍနဲ့ အစိုးရကဏ္ဍမှာ အားနည်းချက်၊ အားသာချက်တွေကို သုံးသပ်ပေးပါဦးခင်ဗျာ။

ဖြေ - ဒီမေးခွန်းက အလွန်ပဲကျယ်ပြန့်လွန်းပါတယ်၊ ယနေ့လက်ရှိအနေအထားမှာ ပညာရှင်တွေ၊ ၀ါရင့်နိုင်ငံရေးသမားတွေ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေက နည်းမျိုးစုံနဲ့ ထောက်ပြဝေဖန်အကြံပြုနေကြတာကို သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ အွန်လိုင်းမီဒီယာ တွေမှာ အကျယ်တဝင့် ဖော်ပြနေကြပါတယ်။ 

မွန်ပြည်နယ်လွှတ်တော်ကဏ္ဍနဲ့ပတ်သက်ပြီးတော့ ကျွန်တော့်တစ်ဦးတည်းအမြင်နဲ့ပြောရရင် မွန်ပြည်နယ်လွှတ်တော်အတွင်းမှာ လွှတ်တော်ဥက္ကဋ္ဌ ကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ထိန်းသိမ်းဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်၊ လွှတ်တော်သက်တမ်းအတွင်း တဖြေးဖြေးနဲ့လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်ကိုင်ဆောင်ရွက်လာမှုတွေဟာ ပိုမိုအားကောင်းလာတာကို အားသာချက်တစ်ရပ်အနေနဲ့ တွေ့ရပါတယ်၊ ဒါပေမယ့် တွေ့ကြုံနေရတဲ့အချို့အချက်တွေကိုပြောရမယ်ဆိုရင် ဥပမာ - ဘတ်ဂျက် ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တွေထံ ချပြရပါတယ်၊ သက်ဆိုင်ရာဝန်ကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အကြေအလည်ဆွေးနွေးပြီးမှ လွှတ်တော်ကျင်းပချိန်မှာ သည်ဥပဒေကို အတည်ပြု ရတာပါ၊ ဒါကြောင့် ဘတ်ဂျက်ရေးဆွဲထားတဲ့ တင်ပြထားတဲ့လုပ်ငန်းတွေကိုသာ လုပ်ဆောင်ခွင့်ရှိမယ် လုပ်ဆောင်နိုင်မယ်ဆိုတာ ကြိုတင်သိရှိနိုင်ပါတယ်၊ ဒါကို '' ဘယ်နေရာက ဘယ်အလုပ်ကို လုပ် ဆောင်ပေးရန်အစီအစဉ် ရှိ/မရှိ '' ဆိုတဲ့ ဘတ်ဂျက်ထဲမှာမပါတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး မေးမြန်းနေခြင်းဟာ မလိုအပ်ပဲ အချိန်ကုန်လူပန်းစေပြီး အကျိုးမဲ့စေပါတယ်၊ ထို့အတူပဲ ပြည်ထောင်စု အဆင့်ကသာ လုပ်ကိုင်ခွင့်ရှိတဲ့ကိစ္စရပ်တွေကို အဆို/မေးခွန်းတွေ မေးမြန်းနေခြင်းဟာလည်း အားနည်းချက်တစ်ရပ်ပဲဖြစ်တယ်လို့ ထင်မြင်ပါတယ်၊ လွှတ်တော်ဆိုတာ ပြည်သူကိုအကျိုးပြုတဲ့ ခိုင်မာကောင်းမွန်တဲ့ဥပဒေတွေကို ပြဋ္ဌာန်းဖို့ အဓိကတာဝန်ရှိပါတယ်၊ အစိုးရကဏ္ဍနဲ့ ပတ်သက်လို့က တော့ ဒေသတွင်း၊ ပြည်နယ်တွင်း ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာအောင် အစိုးရအဖွဲ့ဝင်တွေဟာ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် လုပ်ဆောင်နေတာ တွေ့ရှိရပါတယ်၊ ပြည်နယ်တွင်း ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေချင်တဲ့ '' စိတ်စေတနာ '' တွေကတော့ အားသာချက်ကောင်းပါပဲ။ အချိတ်အဆက်မိမိနဲ့ နာရီစည်းဝါးမှန်အောင် ချိန်ကိုင်လုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာအစိုးရဌာနနဲ့ ချိတ်ဆက်လုပ်ဆောင်တဲ့နေရာမှာတော့ အားနည်းချက်တွေရှိနေသေးတယ်လို့ထင်ပါတယ်။

မေး - ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဝန်ကြီးရဲ့အမြင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ NCA ရေးထိုးဖို့ကျန်ရှိနေသေးတာနဲ့ပတ်သက်လို့ ပြောကြားပေးပါဦးခင်ဗျာ။

ဖြေ - ဒီ NCA စာချုပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေအတွက် ဦးစားပေးပြီးတော့မှ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုယ်တိုင် ပါဝင်ရေးဆွဲထားတဲ့စာချုပ်ဖြစ်နေတယ်၊ 

တိုင်းရင်းသားလက်နက်ကိုင်တွေပဲပေါင်းစည်းပြီး အားလုံးပူးပေါင်းပါဝင်တဲ့အဖွဲ့နဲ့ လူသိရှင်ကြားရေး ဆွဲခဲ့တဲ့စာချုပ်ဖြစ်တယ်၊ NCA စာချုပ်ပါအချက်အလက်တွေကိုဖတ်ကြည့်လိုက်ရင်လဲ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ဆန္ဒတွေကို ဦးစားပေးထားတယ်၊ ပြည်သူလူထု၊ တုုိင်းရင်းသားတွေရဲ့အကျိုးကို ရှေ့ရှုပြီးတော့မှ ရေးထားတဲ့စာချုပ်၊ ဒါကြောင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတယ်ဆိုရင် NCA စာချုပ်ကို လက်မှတ်ရေးထိုးခြင်းမှတစ်ပါး အခြားနည်းလမ်းမရှိဘူး။ ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး တော့ လိုလားချက်များစွာ တောင်းဆိုမှုများစွာရှိနေကြမယ်ဆိုရင် နိုင်ငံရေးစကားဝိုင်းဆွေးနွေးပွဲတွေ အများကြီးလုပ်နေကြရမယ်၊ အဲဒီလိုလုပ်နေကြခြင်းအားဖြင့် ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်မှုကို အကျိုးသက်ရောက်မှုဖြစ်စေမှာပါ။ ဒါကြောင့်မို့ တပ်မတော်က ငြိမ်းချမ်းရေးနဲ့ ပတ်သက် ပြီးတော့ မူဝါဒ ၆ ချက်ထုတ်ပြန်ထားပြီးလည်းဖြစ်ပါတယ်၊ ဥပမာပြောရလို့ရှိရင် ထာဝရငြိမ်းချမ်းရေးကို ရရှိဖို့အတွက်ကို အမှန်တကယ်ဆန္ဒရှိရမယ်၊ နောက်တစ်ချက်က ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး အမြတ်ထုတ်မှုမပြုလုပ်ရဘူး၊ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရဘူးစတဲ့အချက်တွေနဲ့ တပ်မတော်ကနေပြီး ငြိမ်းချမ်းရေးကိုရှေးရှုပြီးတော့ တပ်မတော်ရဲ့မူဝါဒကို အတိအလင်းထုတ်ပြန်ထား တယ်၊ ဒါဟာလည်း အမှန်တကယ်ငြိမ်းချမ်းရေးကို ရှေးရှုပြီးမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေဖို့ ဦးတည် ထားတဲ့ အချက်တွေချည်းပါပဲ၊ တစ်ချက်မှ ငြင်းလိုစရာ ငြင်းဖွယ်ရာတစ်ခုမှ မရှိပါဘူး။ ဒီအချက်တွေ အားလုံးကို သဘောပေါက်နားလည်ကြမယ်ဆိုရင် မြန်မာနိုင်ငံငြိမ်းချမ်းရေးအကောင်အထည် ဖော်ဆောင်မှုကာလက မြန်မြန်ဆန်ဆန်ဖြစ်လာမယ်လို့ ယူဆပါတယ်၊ အဲဒီတော့ NCA စာချုပ်ကို လက်မှတ်ရေးထိုးမှသာလျှင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲထားမှသာ လျှင် နိုင်ငံရေးစကားဝိုင်းဆွေးနွေးပွဲကို ပိုပြီးတော့ ထိရောက်အောင် ဆောင်ရွက်လို့ရမှာပါ။

မေး - တရားဥပဒေစိုးမိုးရေးကိစ္စတွေနဲ့ပတ်သက်လို့ ဝန်ကြီးရဲ့အမြင်ပြောပေးပါဦး။

ဖြေ - တရားဥပဒေစိုးမိုးရေးလိုပြောလိုက်ရင် လူတွေက ရဲ၊ ဥပဒေ၊ တရားရုံး၊ ဌာနဆိုင်ရာတွေကိုပဲ မြင်နေကြပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ တကယ်တော့ လူတိုင်းနဲ့ဆိုင်ပါတယ်၊ ဥပမာပြောရရင် ယာဉ်မောင်းသူတွေကို ယာဉ်မောင်းလိုင်စင်တွေထုတ်ပေးကတည်းက ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းသိပြီးမှ ထုတ်ပေးတာပါ၊ ဒါကို လက်ရှိမောင်းနေကြတာက မီးနီလည်းဖြတ်မောင်းတယ်၊ ဘယ်/ ညာကျော်တက်ချင်သလိုတက်တယ်၊ ဦးစားပေးလမ်းကို ဦးစားမပေးဘူး၊သတ်မှတ်မြန်နှုန်းထက်များစွာ မြန်အောင်မောင်းကြတယ်၊ အဲသည်မှာ ယာဉ်မတော်တဆမှုတွေဖြစ်ကြတယ်၊ ပိုဆိုးတာက အချို့ နေရာတွေမှာ ကားသမားထွက်ပြေးလို့ဆိုပြီး ၀ိုင်းရိုက်ကြတယ်၊ ဒါက တရားဥပဒေစိုးမိုးရေးအတွက် သေးသေးလေးပါပဲ၊ တချို့က လမ်းဘေးမီးတိုင်တွေကိုပစ်ခွဲတယ်၊ အမှိုက်ပုံးတွေကို ရိုက်ခွဲတယ်၊ ဒါတွေဟာ လူတစ်ဦးချင်းစီက အခြေခံစောင့်ထိန်းသင့်တဲ့ လူ့ကျင့်ဝတ်ဖောက်ဖျက်ရေးကစတဲ့ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်မှုလေးတွေပါပဲ၊ ထပ်ပြောရရင် မှုခင်းတစ်ခုဖြစ်လာရင် မှန်ကန် ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြည်သူ့ရဲတွေကသာ ပြုလုပ်သင့်ပြီး ဥပဒေနဲ့အညီ အကြံဉာဏ်ပေးဖို့ ဥပဒေရုံးတွေမှာတာဝန်ရှိသလို အမှုတွဲမှာပေါ်ပေါက်တဲ့အချက်အလက်၊ အထောက်အထားတွေကို ဘာအဂတိမှ မပူးကပ်စေဘဲ မှန်ကန်စွာ တရားရုံးတွေက ဆုံးဖြတ်ပေးဖို့လည်း လိုအပ်ပါတယ်။ တရားဥပဒေစိုးမိုးဖို့ဆိုတာ လွယ်လွယ်မေးလို့ရပေမယ့် လွယ်လွယ်ဖြေလို့မရတဲ့မေးခွန်းပါ၊ လူတစ်ဦး ချင်းမှာတာဝန်ရှိပါတယ်၊ ခိုင်မာကျစ်လစ်တဲ့ဥပဒေတွေရှိဖို့လိုပါတယ်၊ ဥပဒေတွေကို အကောင်အထည် ဖော်ဆောင်ရွက်တဲ့အဖွဲ့အစည်းတွေက ဖြောင့်မတ်မှန်ကန်ဖို့လိုပါတယ်။

မေး - မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆောင်ရွက်နေမှုအခြေအနေတွေကိုလည်း သိပါရစေ။

ဖြေ - မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ရေးမြို့နယ်တစ်ခုတည်းမဟုတ်ပါဘူး၊ တပြည်နယ်လုံးပဲ၊ ဒါတင်ပဲလား မကဘူး၊ နိုင်ငံနဲ့အဝှမ်းပဲ၊ ဒါတင်ပဲလား ကမ္ဘာနဲ့အဝှမ်းပဲ မူးယစ်ဆေးဝါးက ဖြစ်နေတာ၊ ဒီလိုပြောတာဘာကြောင့်လဲဆိုတော့ ဆင်ခြေပေးချင်လို့မဟုတ်ဘူး၊ ခုနပြောခဲ့သလိုပဲ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးက အားလုံးမှာတာဝန်ရှိသလို မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ နှစ်မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာတင်ပြခဲ့တာရှိပါတယ်၊ မြို့နယ်အလိုက် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့မှ မြေတောင်မြှောက်ပေးပြီးတော့မှ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတပ်ဖွဲ့၊ ပြည်နယ်၊ မြို့နယ်အဆင့်အထိဖွဲ့စည်းထားတာရှိပါတယ် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ပေါ့၊ ဒါတွေနဲ့ ချိတ်ဆက်ပြီးတော့မှ ဆောင်ရွက်တဲ့နည်းလမ်းတစ်ခု ထပ်ပြီးတော့လုပ်သင့်တယ်ဆိုပြီး တင်ပြခဲ့ပါတယ်၊ ဒါကို ကတ်ဘိနက်ကအတည်ပြုပြီးတော့မှ မြို့နယ်တိုင်းမြို့နယ်တိုင်းမှာ အဖွဲ့တွေဖွဲ့ဖို့၊ ဖွဲ့ပြီးလို့ရှိရင်လည်း သက်ဆိုင်ရာနယ်မြေတာဝန်ခံဝန်ကြီး တွေက တာဝန်ယူဖွဲ့ပေးဖို့၊ ဖွဲ့ပြီးလို့ရှိရင် အဲဒီအဖွဲ့တွေက လုံနယ်ဝန်ကြီးနဲ့တွေ့ပြီးတော့မှ ပေါင်းစပ် ညှိနှိုင်းပေးဖို့ အစည်းအဝေးဆုံးဖြတ်ချက်လုပ်ပြီးဖြစ်တယ်၊ ဒါက ဘာကိုရည်ရွယ်ပြောတာလဲဆိုလို့ရှိရင် ဖမ်းဆီးရမိတာက ရဲက သူ့နည်းသူ့ဟန်နဲ့ဖမ်းတဲ့အနေအထားပဲရှိသေးတယ်၊ ကိုင်းဖျားကိုင်းနားတွေပဲ ရတယ်၊ တဖက်ကလည်း ကျွန်တော်ပြောပါတယ်၊ လွှတ်တော်မှာလဲပြောပါတယ်၊ အစိုးရအဖွဲ့မှာလည်း ကျွန်တော်ပြောတယ်၊ မွန်ပြည်နယ်အကျဉ်းထောင်၊ မော်လမြိုင်အကျဉ်းထောင် ဒီအကျဉ်းထောင်တွေ မှာရှိတဲ့အကျဉ်းသားတွေ၊ နောက် သထုံဘက် စတဲ့အကျဉ်းစခန်းတွေကနေ အကျဉ်းသားတွေ စုစုပေါင်းလို့ အကျဉ်းသားအားလုံးရဲ့စုစုပေါင်းသုံးပုံတစ်ပုံက မူးယစ်ဆေးဝါးမှုနဲ့ဖြစ်နေတယ်၊ လူတစ်ထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ထောင်ကျတာ သုံးရာကျော်ရှိနေတယ်၊ ဆေးပြားတစ်ပြားမိလို့ နှစ်ပြားမိလို့ထောင်ကျတာဖြစ်နေတယ်၊ အချီကြီးနဲ့ကျတဲ့သူတွေ ထောင်ထဲမှာမရှိဘူး၊ ရဲတပ်ဖွဲ့က အားနည်းတယ်၊ လတိုင်းကျွန်တော်ပြောတယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် ရဲတပ်ဖွဲ့ အင်အားနည်းနေတယ်၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှာရှိရမယ့်အင်အားရဲ့သုံးပုံနှစ်ပုံပဲရှိတယ်၊ တစ်ပုံလျော့နေတယ်၊ ဆယ်ယောက်ရှိရမယ့်နေရာမှ သုံးယေက်ပဲထားနိုင်တယ်၊ ဒီလိုအင်အား နည်းတာကို ဆင်ခြေမပေးနဲ့လို့ ကျွန်တော်အမြဲတမ်းပြောပါတယ်၊ အင်အားနည်းတယ်၊ များတယ် ဆိုတာ အဓိကမဟုတ်ဘူး၊ သို့သော်လည်း အင်အားကိုပွားယူလို့ရတယ်၊ လူတစ်ယောက် ပြစ်မှု မကျူးလွန်နိုင်အောင် ကြိုတင်ကာကွယ်မှုက အရေးကြီးတယ်၊ အရေးယူခြင်းမခံရအောင် ကြိုတင် ကာကွယ်ပေးရမယ်၊ ထိန်းကျောင်းပေးရမယ်၊ အင်အားကိုဘယ်လိုပွားယူမလဲဆိုလို့ရှိရင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရဲ့အားလိုတယ်၊ လူထုနဲ့ထိတွေ့ဆက်ဆံနိုင်ဖို့လိုတယ်၊ ထိတွေ့ဆက်ဆံတဲ့ နေရာမှာ အဓိကအရေးကြီးဆုံးက သတင်းကအရေးကြီးဆုံးပဲ၊ သတင်းရဖို့လိုတယ်၊ သတင်းရယူဖို့က အကြောင်းအမျိုးမျိုးရှိနိုင်တယ်၊ ယုံကြည်မှုအားနည်းလို့လဲဖြစ်နိုင်တယ်၊ ယုံကြည်မှုရှိအောင်နေဖို့ လုပ်ဖို့လိုအပ်ပါတယ်၊ ဖမ်းဆီးရမိမှုက တစ်နှစ်ထက်တစ်င်္နှစ် ပိုများလာတယ်၊ ၂ မျိုးရှိတယ်၊ ရဲတပ်ဖွဲ့ ရဲ့လုပ်ဆောင်မှုစွမ်းရည်မြင့်တက်လာတာလား၊ ပြည်သူရဲ့သတင်းပေးမှုတွေပိုမိုမြင့်တက်လာတာလား၊ ဒါကြောင့်ပဲဖမ်းဆီးရမိမှုမြင့်တက်လာတာလားလို့ပြောနိုင်သလို တဖက်လည်း မူးယစ်ဆေးဝါးတွေ ပိုများလာတာလားဆိုတာ သုံးသပ်လို့ရတယ်၊ အုပ်ချုပ်ရေးမှူးတွေကလည်း ကိုယ့်ရပ်ကွက်ထဲမှာ ကိုယ့်ရွာထဲမှာ ဘယ်သူကဘယ်လိုခြေလှမ်းနေလဲ၊ ဘယ်လိုသွားနေလဲ အသိဆုံးပါ၊ ပြီးခဲ့တဲ့လက ရေးကိုလာစဉ်တုန်းကလည်းပြောခဲ့တာရှိပါတယ်၊ ဘယ်သူ့ကိုမှ သတင်းမပေးရင်နေပါ၊ ကျွန်တော့်ကို ပေးပါ၊ ပြောပါ၊ လိုအပ်ရင် ကျွန်တော်ကိုယ်တိုင်လာဖမ်းမယ်၊ အားလုံးပြောထားတယ်၊ တိုက်ရိုက်တိုင် ပါလို့ပြောထားခဲ့တယ်၊ ဒါပေမယ့် ခုထိသတင်းပေးတာမရှိသေးဘူး။ ဒါကြောင့် ကျွန်တော်ထပ်ပြောပါ့ မယ်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်၍သော်လည်းကောင်း၊ လောင်းကစားဝိုင်းနဲ့ပတ်သက်၍ သော်လည်း ကောင်း သေသေချာချာ ခြေခြေမြစ်မြစ်နဲ့ လုပ်ကိုင်စေချင်တယ်ဆိုရင် ကျွန်တော့်ထံ တိုက်ရိုက်ဆက် သွယ်ပြီးတော့မှ သတင်းပေးနိုင်ပါတယ်။ ပေးတဲ့သတင်းအပေါ်မှာ ကျွန်တော်အကောင်အထည်ဖော် ပေးပါ့မယ်။

မေး - ရေးဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနဲ့ ရေးမြို့ရဲ့ရှေ့အနာဂါတ်ဖွံ့ဖြိုးတိုးတက်မှုအလား အလာတွေကို နယ်မြေတာဝန်ခံဝန်ကြီးတစ်ယောက်နေနဲ့ ပြောကြားပေးပါဦးခင်ဗျာ။

ဖြေ - နယ်မြေဒေသအတွင်း ငြိမ်းချမ်းမှုရှိရင် ဖွံဖြိုးတိုးတက်ရေး အစီအမံတွေ လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးနိုင်တာနဲ့အမျှ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာပါ?ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် အစီအစဉ်တွေနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဘယ်လိုစီမံကိန်းမျိုးတွေ လျာထားပါစေ ငြိ်မ်းချမ်းမှုမရှိရင် အခက်အခဲရှိတယ် ဒါကြောင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ဘို့ ငြိမ်းချမ်းရေးက အရေးကြီးပါတယ်။

မေး - ဝန်ကြီးအနေနဲ့ သီးခြားဖြည့်စွက်ပြောချင်တာများရှိရင် ပြောကြားပေးပါဦးခင်ဗျာ။

ဖြေ - ငြိမ်းချမ်းမှုရှိမှ တရားဥပဒေစိုးမိုးမှုအားကောင်းမယ် တရားဥပဒေစိုးမိုးမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ပါမယ် ဒီမိုကရေစီရဲ့ အနှစ်သာရဟာ လွတ်လပ်စွာ ပြောဆိုရေးသား နိုင်ရုံမျှမဟုတ်ပါဘူး လူတိုင်းလူတိုင်းတရားဥပဒေကိုလေးစားလိုက်နာပြီး မိမိနိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အလေးထားလိုက်နာကြဘို့လိုပါမယ် မိမိနယ်မြေဒေသ မိမိနိုင်ငံကိုခေတ်မီဖွံံဖြိုးတိုးတက်စေချင်ရင်လက်ညိုးထိုး အပြစ်တွေပုံချမနေကြဘဲ စိတ်ရင်းစေတနာကောင်းများနဲ့ တွဲလက်ညီညီလုပ်ကြရမှာပါ။

ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

Most read this week

May 20, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို...
May 20, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF...
May 18, 2024
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့...
May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...