ပြည်သူတို့၏ လွတ်လပ်ခွင့်နှင့် လုံခြံုရေးကို ကာကွယ်ရန် ဥပဒေကြမ်း တင်ပြီ

ပြည်သူတို့၏ လွတ်လပ်ခွင့်နှင့် လုံခြံုရေးကို ကာကွယ်ရန် ဥပဒေကြမ်း တင်ပြီ
by -
မဇ္ဈိမ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ
၂၀၁၆ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြံုမှုကို အကာအကွယ်ပေးရန် ရည်ရွယ်ပြီးရေးဆွဲထားသည့် ဥပဒေကြမ်းတစ်ခုအား ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီက စက်တင်ဘာ ၈ရက်၊ လွှတ်တော်အစည်းအဝေးတွင် တင်သွင်းလိုက်သည်။

"နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြံုမှုကို ကာကွယ်ပေးရေး" ဟူ၍ အမည်ပေးထားသည့် ဥပဒေကြမ်း၏ ရည်ရွယ်ချက်မှာ မည်သူမျှ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြံုမှုတို့ကို နစ်နာဆုံးရှုံးမှုမရှိစေရန်၊ နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်၊ ဥပစာလုံခြံုမှု၊ ပစ္စည်းလုံခြံုမှု၊ စာပေး၊ စာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြံုမှုများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဘဝလုံခြံုမှုများ ရရှိစေရန် ရည်ရွယ်သည်ဟု ဆိုသည်။

"လူ့လောကမှာ နေထိုင်တဲ့အခါ ကျွန်တော်တို့ဘဝတွေဟာ လုံခြံုဖို့အရေးကြီးတယ်။ ကျွန်တော်တို့က ညကျရင် ဘယ်သူတံခါး လာခေါက်မလဲ ဒီလိုစိုးရိမ်ပူပန်နေရတာ ရှိတယ်။ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ လုံခြံုခွင့်ကို နိုင်ငံတော်က တာဝန်ခံဖို့အတွက် ဒီဥပဒေကြမ်းကို ပြဌာန်းဖို့လိုတာ" ဟု ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးထွန်းထွန်းဟိန်က ပြောသည်။

ဥပဒေကြမ်းပါ တားမြစ်ချက်များအနေဖြင့်လည်း မည်သူမျှ ဥပဒေနှင့်အညီ ခွင့်ပြုမိန့် တစ်စုံတစ်ရာမရရှိဘဲ နိုင်ငံသားတစ်ဦး၏ နေအိမ်၊ အခန်း၊ အဆောက်အဦ၊ ပရဝဏ်အတွင်း ဝင်ရောက် ရှာဖွေ၊ သိမ်းဆည်း၊ ဖမ်းဆီးခြင်းမပြုရဟူ၍ ထည့်သွင်းရေးဆွဲထားသည်။

ထို့ပြင် မည်သူမျှ ဥပဒေနှင့်အညီ ခွင့်ပြုမိန့် တစ်စုံတစ်ရာမရရှိဘဲ နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းများ မပြုလုပ်ရသလို ဆက်သွယ်ရေးပစ္စည်းကိရိယာတစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ်ဖမ်းယူ နားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောက်အယှက်ပေးခြင်း မပြုရဟူ၍လည်း ဥပဒေကြမ်းတွင် ပါရှိသည်။

ခွင့်ပြုမိန့်မရှိဘဲ နိုင်ငံသားတစ်ဦးဦးအား လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ ဝင်ရောက်ရှာဖွေသိမ်းဆည်းခြင်း သို့မဟုတ် ဖမ်းဆီးခြင်း ပြုလုပ်ပါက ထိုသူကို အများဆုံး ထောင်ဒဏ်(၅)အထိ ချမှတ်ရမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။

အဆိုပါ ဥပဒေကြမ်းအပေါ် Equality Myanmar မှ ဒါရိုက်တာဖြစ်သူ ဦးအောင်မျိုးမင်းက "လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို မထိခိုက်ဖို့၊ ကာကွယ်ပေးဖို့လို့ ယူဆလို့ရတယ်။ ဒါကတော့ လူ့အခွင့်အရေးနဲ့ ညီညွတ်တာပေါ့" ဟု မှတ်ချက်ပြုသည်။

သို့သော် ဥပဒေကြမ်းသည် လူတစ်ဦးတစ်ယောက်၏ လွတ်လပ်ခွင့်ကို အမှန်တစ်ကယ် ကာကွယ်နိုင်ရန် ခိုင်လုံမှုမရှိသေးဟု ဦးအောင်မျိုးမင်းက ဆိုသည်။

"အမိန့်ပေးထားရင် လူတစ်ယောက်ရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ကြိုက်သလိုဝင်ရောက်နိုင်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေတယ်။ အမှန်တော့ မဖြစ်သင့်ဘူး။ အမိန့်အရဖြစ်သည့်တိုင်အောင် ဘယ်လိုမျိုးအချက်တွေတော့ မလုပ်ဆောင်ရဘူးဆိုတာကို ကာကွယ်ပေးဖို့ ဥပဒေကြမ်းထဲမှာ ဖြည့်စွက်သင့်တယ်" ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်အမတ်များအနေဖြင့် အမည်စာရင်းပေးကြရန်လည်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေငြာထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သန်လျင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဦးလွင်ကိုလတ်ကမူ "တိုင်းပြည်ရဲ့ အခြေအနေမှာက အာဏာရှင်လက်ထက်ကစခဲ့တာတွေက အခုထိ ရှိနေသေးတယ်။ ကျွန်တော်တို့ကိုယ်တိုင် အိမ်ထဲကိုဝင်ပြီး အဖမ်းခံခဲ့ရတယ်။ အဲ့လို လူ့အခွင့်အရေးချိုးဖောက်မှုတွေက တောက်လျှောက်ရှိနေသေးတယ်။ ဒါကြောင့် လူတွေရဲ့ လွတ်လပ်စွာနေထိုင်သွားလာမှုတွေအပေါ်မှာ ပိုပြီးတော့ ကာကွယ်ဖို့ ဥပဒေအနေနဲ့ ပြဌာန်းသင့်တယ်လို့ မြင်တယ်" ဟု သူ့အမြင်ကို ပြောသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...