ကချင် ဒုက္ခသည်စခန်းတွင် အိမ်ခြေ သုံးပုံ တစ်ပုံခန့် ပြုပြင်ရန် လိုအပ်နေ

ကချင် ဒုက္ခသည်စခန်းတွင် အိမ်ခြေ သုံးပုံ တစ်ပုံခန့် ပြုပြင်ရန် လိုအပ်နေ

အိမ်ခြေသုံးရာကျော်ရှိ ကချင်ပြည်နယ် အင်ခေါင်းပါ ဒုက္ခသည်စခန်းတွင် အိမ်ခြေ ၁၀၀ ကျော်ပျက်စီးနေပြီး ကူညီမှုများလည်း မရရှိသည့် အတွက် အခက်ကြုံနေရသည်။

မိုးမောက်မြို့နယ်အတွင်းရှိ အင်ခေါင်းပါ စစ်ဘေးရှောင်စခန်းရှိ နေအိမ်များကို လာမည့်နှစ် မိုးတွင်းအမှီ အမြန်ဆုံး ပြန်လည်ပြုပြင်ရန် လိုအပ်နေသည်ဟု အင်ခေါင်းပါ စစ်ဘေးရှောင်စခန်း တာဝန်ခံက ပြောသည်။

“အိမ်ကတော့ ၉၅ အိမ်က ဒီနှစ်လဲရမယ်။ မလုပ်မဖြစ်ပေါ့နော်။ တခြားအုပ်စုမှာတော့ ၁၀ အိမ် လောက်လဲရမယ်။ အားလုံးဆိုရင် တစ်ရာကျော်လောက်ပေါ့။ ပိုက်ဆံတော့ မရှိသေးဘူး။ လာမယ့်မိုးတွင်းတော့ ဘယ်လိုမှ လွန်နိုင်မှာမဟုတ်ဘူး။ အခုအမြန်ဆုံးပြန်လဲဖို့ ဆောက်ဖို့လိုအပ်နေတာ။” ဟု အင်ခေါင်းပါ စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဘရန်မိုင် ကပြောသည်။

အင်ခေါင်းပါဒုက္ခသည်စခန်းတွင် ဗန်းမော်နှင့် မိုးမောက်မြို့နယ်အတွင်းရှိ ကဒေါ့၊ မန်ဒါ၊ လွယ်ရင်း၊ မဇွပ် ပါ၊ စိန်လုံကဂျီ၊ ဆမားယန်၊ ဆန်ကာ ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၁၆ ရွာမှ အိမ်ထောင်စု ၃၅၃ အိမ်ထောင်စုရှိပြီး၊ လူဦးရေ ၁၈၇၉ ဦး နေထိုင်လျှက်ရှိသည်။

လက်ရှိတွင် နေအိမ်များအား မိုးကာများ၊ ပလပ်စတိတ်များဖြင့် ကာရံပြီး နေထိုင်နေရသည်ဟု စစ်ဘေးရှောင် တစ်ဦးက ပြောသည်။

“အိမ်တိုင်လေးတွေကလည်း အရမ်းသေးတယ်လေ။ လေတွေတိုက်လာရင်လည်း မခံတော့ဘူး။  လေနည်းနည်းတိုက်ရင် ခေါင်မိုးတွေကလည်း အကုန်ပျံကုန်တယ်။ သုံးထပ်သားတို့ ငါးထပ်သားတို့နဲ့ လုပ်ထားတာ။ အကုန်ပျက်စီးကုန်ပြီ။ အခုလောလောဆယ်ဆယ်တော့ ပလပ်စတိတ်တွေနဲ့ကာပြီး နေနေကြတယ်” ဟု ဒေါ်ဒွဲဘူ က ပြောသည်။

အဆိုပါ အိမ်များပျက်ဆီးလာမှုကြောင့် လူဦးရေ ၅၁၃ ဦး နေရေးထိုင်ရေးအတွက် အခက်အခဲဖြစ်နေသည် ဟု ဒုက္ခသည်များက ပြောသည်။

ထို့အပြင် အင်ခေါင်းပါဒုက္ခသည်စခန်းတွင် ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန်ပစ္စည်းများနှင့် အရေးပေါ် အနွေးထည်နှင့် စောင်များလည်း လိုအပ်နေသည်ဟု စခန်းတာဝန်ခံက ပြောသည်။

“ဒီမှာက ရာသီဥတုအေးတာကြောင့် စောင်တွေအနွေးထည်တွေ လိုတာပေါ့နော်။ လိုတာတွေ ပြောရင်တော့ အများကြီးပေါ့။ ကျန်းမာရေးအရဆိုရင်တော့ ကလေးတွေက အရမ်းအေးတဲ့ အတွက်ကြောင့် ဖျားတာ၊ နာတာ အဲ့လိုမျိုးတွေလည်း ရှိတာပေါ့နော်။ ပြီးတော့ ရိက္ခာကလည်း အဲ့လိုလျော့လိုက်တဲ့အတွက် လူများတဲ့အိမ်တွေ၊ ကလေးများတဲ့အိမ်တွေ မလောက်ငှဘူး။ အဲ့လိုအခက်အခဲရှိတာပေါ့။ ဒီမှာက နေ့စားအလုပ်ကလည်း လုပ်မယ့်နေရာကို မရှိတာ” ဟု ဦးဘရန်မိုင် က ပြောသည်။

ယခင်နှစ်များတွင် ဒုက္ခသည်များအား လူမှုကူညီရေး အဖွဲ့များက ကူညီပံ့ပိုးမှုများရှိခဲ့သော်လည်း ယခုနှစ်တွင် လာရောက်ကူညီခြင်းမရှိသည့်အတွက် အခက်အခဲ အမျိုးမျိုးရှိနေသည်ဟု ဒုက္ခသည်များက ပြောသည်။

ယခုနှစ် ဧပြီလမှစတင်ကာ ဂရုဏာဖောင်ဒေးရှင်းမှ ပံ့ပိုးမှုရရှိနေသည့် ဆန်၊ ဆီး၊ ဆား အစရှိသည့် အခြေခံစားသောက်ကုန်များမှာလည်း ရ၀ ရာခိုင်နှုန်းခန့်သာ ရရှိတော့သည်ဟု သိရသည်။

အင်ခေါင်းပါစခန်းရှိ စစ်ဘေးရှောင်များအနေဖြင့် နေရပ်ရင်းသို့ ပြန်ချင်နေသော်လည်း ကျေးရွာများ အတွင်းတွင် အစိုးရတပ်မတော်က တပ်စခန်းများချထားခြင်း၊ နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာမှုများရှိနေခြင်း၊ လက်နက်ကိုင် အဖွဲ့များက ကျေးရွာအနီးပတ်ဝန်းကျင် နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းခြံမြေများ၊ တောင်ယာများတွင် မိုင်းများထောင်ထားခြင်းတို့ကြောင့် မပြန်ရဲသေးကြောင်း ဒုက္ခသည်များက ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်မတော်တို့အကြား တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့သည့် စစ်ပွဲကာလ ၆  နှစ်ကျော် အတွင်း ဒေသခံပြည်သူ ၁ သိန်းကျော်သည် ကချင်ပြည်နယ်ရှိ မြို့ကြီးများနှင့် တရုတ်-မြန်မာနယ်စပ်ရှိ KIA ထိန်းချုပ်ရာဒေသရှိ ဒုက္ခသည်စခန်းများမှာ ခိုလှုံနေကြရသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...