တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် ရွာသားများ ပြန်မလွတ်လာသေး

တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် ရွာသားများ ပြန်မလွတ်လာသေး

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့တို့၏ တိုက်ပွဲထဲ စစ်တပ်၏ ဖမ်းဆီးမှုခံခဲ့ရသည့် ရွာသား ၄ ဦး ယနေ့အချိန်ထိ ပြန်မလွှတ်လာ သေး ဟု နီးစပ်သူများက ပြောသည်။

အရှေ့တောဒေသ၊ မေတ္တာမြို့နယ်ထဲ ဖြစ်ပွားခဲ့သည့်  တိုက်ပွဲ ပထမရက် ဧပြီလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် ပကာရီကျေးရွာသား အမျိုးသားလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဧပြီလ ၅ ရက်နေ့၊ နံနက်ပိုင်းအချိန်အထိ ပြန်လွတ်မြောက်လာခြင်း မရှိသေးဘူး ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မိသားစုနှင့် နီးစပ်သူ တစ်ဦးက “မိသားစုဝင်တွေက စိုးရိမ်နေကြတာပေါ့နော်။ ဘယ်မှာ ဖမ်းထားမှန်းလည်း မသိဘူး။ တိုက်ပွဲကလည်း ဆက်ဖြစ်နေတော့ ရှာဖို့ကလည်း မလွယ်ဘူး” ဟု ပြောသည်။

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ပကာရီကျေးရွာအနီးရှိ ရေလယ်အင်းရပ်ကွက်တွင် အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီ စစ် ကြောင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ KTLA၊ ပြည်သူ့ကာကွယ် ရေး ပူးပေါင်း တပ်ဖွဲ့တို့ ဧပြီလ ၁ ရက်နေ့၊ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲထဲ ရွာသားများကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ပြီး ၅ ရက်ကြာသည် အထိ သတင်းအစအနပင် မရသေးဘူးဟု ဆိုသည်။

တိုက်ပွဲနှင့် ပတ်သက်၍ KNLA တပ်ရင်း ၁၂ နှင့် တပ်ရင်း ၂၇ တို့၏ ပူးတွဲတပ်ရင်းမှူး စောမှူးဂေက “သူတို့အင် အား ၅၀ လောက်ရှိတယ်၊ အင်အားလာဖြည့်တာလို့ သိရတယ်။ လက်နက်ကြီးတွေကတော့ တိုက်ပွဲပြီးတာ တောင် ပစ်နေတုန်းပဲ” ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးပြီး အယောက် ၂၀ ခန့် ထိခိုက် ဒဏ်ရာရခဲ့သည့်အပြင် ပူးပေါင်းတပ်ဘက်ကလည်း ၃ ဦး ဒဏ်ရာများရရှိခဲ့သည်ဟု တပ်ရင်းမှူးစောမှူးဂေ က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေး ဘက်တံဆိပ်ပါသည့် ယူနီဖောင်းများကို ပုံမှားရိုက်ပြီး ဝတ်ဆင်လာ သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ပကာရီကျေးရွာထဲရှိ နေအိမ်တစ်ဆောင်နှင့် ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သေး သည်ဟု ရွာသားများက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်မှ ပကာရီကျေးရွာရှိ ယက္ကန်းစင်တောင်နှင့် ဝက်သေကျေးရွာ တဝိုက်တွင် အခြေချ ထားသည်ဟု စောမှူးဂေက ပြောသည်။

အရှေ့တောဒေသရှိ ပကာရီစခန်း၊ ကျောက်မဲတောင် စခန်း၊ မေတ္တာစခန်း တို့ကို KNLA၊ KTLA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များက ပိတ်ဆို့ထားသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ စခန်းအတွင်းမှ အပြင်သို့ ထွက်မလာရဲဘူးဟု ဆိုသည်။

အလားတူ ဧပြီလ ၃ ရက်နေ့၊ မွန်းတည့်ပိုင်းမှာလည်း ဝက်သေကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား လက်နက်ကြီး၊ လက်နက်ငယ်များနှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့်  ပူးပေါင်း တပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် နှစ်ရက်အတွင်း အရှေ့တောဒေသကို တိုက်လေယာဥ်၊ ဂျက်လေယာဥ်များဖြင့် အခေါက် ရေ အများအပြား လာရောက်ခဲ့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုမျိုး လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ကြောင်း သံမဏိ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပကာရီ၊ ဝက်သေနှင့် ပခပ်ကျေးရွာတို့မှ ရွာသားများ ရွာ လုံးကျွတ် နီးစပ်ရာ ဘေးလွှတ်နိုင်မည့် နေရာများဆီသို့ စစ်ဘေးရှောင် ထွက်ပြေးနေကြကြောင်း ရွာသား တစ်ဦး က ပြောသည်။

ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ မေတ္တာမြို့ တဝိုက်တွင် ပြီးခဲ့သည့် မတ်လအလယ်ပိုင်းက တိုက်ပွဲများအ

တွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သင်္ကန်းတုံး၊ ဝကုန်း၊ ကျောက်မဲတောင်၊ မြောင်းပြို၊ သဗြုချောင်း၊ ပျဉ်းသားတော၊ သစ်ခက်ချောင်း၊ တောင်သုံးလုံး၊ ကထောင်းနီ၊ ရွှေချောင်း၊ မေတ္တာ၊ ပကာရီ၊ ပခပ်၊ ဆန်းချီ၊ ရှစ်မိုင် စသည့် ကျေးရွာများမှ ရွာသားတစ်သောင်းကျော် ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာသားများက ဆိုသည်။

ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်အတွင်း နှစ်ဖက်တိုက်ပွဲများ အနည်းငယ် ပြန်လည်ငြိမ်သက်နေပြီး ယခု ဧပြီလ အစတွင် အရှေ့တောဒေသ၌ တကျော့ပြန်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်။

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...
ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT
March 28, 2024
အလှူရှင်များမရှိသလောက် နည်းပါးလာသည့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိရန် အသက်...