တာချီလိတ်လေဆိပ်တွင် ခရီးသည်များအား Bio Data ကောက်မည်

တာချီလိတ်လေဆိပ်တွင် ခရီးသည်များအား Bio Data ကောက်မည်

ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား မျိုးရိုးဗီဇ အချက်အလက် (Biometric Data) ကောက်ယူသွားမည်ဟု လေဆိပ်နှင့် နီးစပ်သူများက ပြောသည်။

ခရီးသည်များ၏ မှတ်ပုံတင် မိတ္တူ၊ လက်ဗွေပုံစံတို့ အပြင် မျက်လုံးနှင့် မျက်နှာတို့ကို လာမည့် ဧပြီလ ၅ ရက်နေ့မှ စတင်၍ ဓါတ်ပုံ ရိုက်ယူသွားမည် ဖြစ်ကြောင်း၊ သို့သော် အတင်းအကြပ် လုပ်ဆောင်သွားမည် မဟုတ် ဟုလည်း ဆိုသည်။

လေဆိပ်နှင့် နီးစပ်သူ တစ်ဦးက “မပူးပေါင်းချင်လည်း ရတယ်ပေါ့။ အဲ့လို ပြောပေမယ့် တကယ့် ရက် ရောက် တော့မှပဲ ယုံရမှာပါ။ သူတို့က အခုတစ်မျိုး တော်ကြာတစ်မျိုးလေ။ အခုပဲ ရလိုက် တော်နေကြာ မရလိုက်။ စတဲ့ ရက်ရောက်မှ မဖြစ်မနေ လုပ်ပေးရမယ် ဆိုရင်တော့ မတတ်နိုင်ဘူးပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်း တာချီလိတ်မြို့ရှိ ရပ်ကွက် အချို့၌ နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) များအား စမတ်ကတ် လဲလှယ်ပေးရာတွင် အချက်အလက်များ လွှဲမှားခဲ့ခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်ပြီး အချက်အလက်များ တိုက်ဆိုင် စစ်ဆေးလိုသောကြောင့် ဖြစ်သည်ဟု လေဆိပ်ဝန်ထမ်းများက ပြောသည်။

သို့သော် မြို့ခံများ အနေဖြင့် စစ်မှုထမ်း ခေါ်ယူရန်အတွက် လိုအပ်သော အချက်အလက်များ ရရှိရေး ကောက်ယူ ခြင်းသာ ဖြစ်သည်ဟု သုံးသပ်၍ လိုက်ပါစီးနင်းမည့် လူငယ်များအား မပူးပေါင်းကြရန် ပြောဆိုနေကြသည်။

တာချီလိတ်မြို့တွင် လေယာဉ် လက်မှတ်ရောင်းချနေသူ တစ်ဦးက “ဒီချိန်က ဘန်ကောက်၊ ချင်းမိုင်တို့နဲ့ ရန်ကုန် တိုက်ရိုက်က လေကြောင်း မရတော့ဘူးလေ။ ဆိုတော့က ထိုင်းကိုထွက်မယ့် လူငယ်တွေက တာချီလိတ် တံတား ကနေ ကူးကြတယ်။ ဆုန်ခရမ် (သင်္ကြန်) ကြောင့် လက်မှတ်ကုန်တယ် ဆိုတာက အလကားပြောတာ။ နိုင်ငံပျက် နေတဲ့အချိန် ခရီးထွက်တဲ့ သူတွေက အဲ့လောက်မများဘူး။ တော်တော်များများက စစ်မှုထမ်း မဲစာရင်းပါလို့ ထွက်ကြတာ။ စစ်ကောင်စီကလည်း ဒါကို သိလို့ လေဆိပ်မှာ စောင့်ပြီး အချက်အလက် ယူတာ။ အနည်းဆုံး သူ တို့ ဖမ်းလို့ မရရင်တောင် မိသားစုကို ငွေညှစ်လို့ ရတာပေါ့” ဟု ပြောသည်။

ရှမ်းပြည် တစ်ခုလုံးရှိ နိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးရေးရုံးများတွင် လာမည့် ဧပြီလ နောက်ဆုံး အပတ်မှစတင်၍ မှတ်ပုံတင်များအား စမတ်ကတ် လဲလှယ်ထားမှသာ နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးတော့ မည်ဟု ထုတ်ပြန်ထားသည်။

သို့သော်လည်း စမတ်ကတ်ပြုလုပ်သည့် လူငယ် အရေအတွက်မှာ ရာခိုင်နှုန်းအားဖြင့် အဆမတန် နည်း နေသေး သည်ဟု လဝကရုံးနှင့် နီးစပ်သူများက ပြောသည်။

တာချီလိတ်လေဆိပ်အား ပြီးခဲ့သည့် လမှစတင်၍ အဆင့်မြှင့်တင်မှု ပြုလုပ်နေခြင်းကြောင့် အပတ်စဉ်တိုင်း သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက်သာ ပြေးဆွဲသွားမည်ဟု လေဆိပ်ဝန်ထမ်းများက ပြောသည်။

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...
ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT
March 28, 2024
အလှူရှင်များမရှိသလောက် နည်းပါးလာသည့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိရန် အသက်...