စစ်ကောင်စီ ပိတ်ဆို့မှုများကြားမှ လွတ်မြောက်နယ်မြေသို့ ထွက်ပြေးလာသူ

စစ်ကောင်စီ ပိတ်ဆို့မှုများကြားမှ လွတ်မြောက်နယ်မြေသို့ ထွက်ပြေးလာသူ

စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ် မရှိကြဘူး။ တချို့ကျတော့ လမ်းစရိတ်အတွက် ငွေကြေးအဆင်မပြေကြဘူး။

ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)သည် ရခိုင်က မြို့ကြီး ၈ မြို့ကို သိမ်းပိုက်ရရှိထားပြီး ကျန်မြို့များကိုလည်း ထပ်မံသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် စစ်ကောင်စီထိန်းချုပ်နယ်မြေရှိ ပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေများသို့ လာရောက်တိမ်းရှောင်ကြရန် AA က ညွှန်ကြားထားသည်။

လက်ရှိတွင် စစ်ကောင်စီထိန်းချုပ်ရာနယ်မြေအတွင်းရှိ ဒေသခံပြည်သူများမှာ ငွေကြေးအကုန်အကျများစွာဖြင့် ကန့်သတ်ပိတ်ဆို့မှု အန္တရာယ်အမျိုးမျိုးကြားထဲမှ နေရပ်စွန့်ခွာနေကြသည်။ ၎င်းတို့အထဲမှ မိသားစုနှင့်အတူ စစ်တွေမြို့မှထွက်ပြေးလာသူ ဦးအောင်ကျော်မင်းကို လမ်းခရီး၌ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့်ပတ်သက်၍ DMG က မေးမြန်းထားပါသည်။

DMG - စစ်တွေမြို့က ထွက်ပြေးတိမ်းရှောင်လာတဲ့ အခြေအနေကို ပြောပြပေးပါ။

ကျနော်တို့က အဆက်သွယ်တစ်ခုရတာနဲ့ ချက်ချင်းထွက်ပြေးလာတာ။ ကျနော့်မှာ မိသားစု ၅ ဦးပါတယ်။ သားကြီး၊ သမီးငယ်၊ ယောက္ခမနဲ့ မိန်းမပေါ့။ ည ၉ နာရီကနေ မနက် ၂ နာရီအထိ‌ လမ်းလျှောက်လာရတယ်။ အဲဒီအချိန်မှာ AA တပ်သားတွေနဲ့တွေ့လို့ ရေသောက်သူသောက်၊ နားသူနားကြတယ်။ မိုးလင်းမှသွားရင် စစ်ကောင်စီက သေနတ်နဲ့လှမ်းပစ်မှာစိုးလို့ မနက်မိုးမလင်းခင် နောက်တစ်ရွာကို အရောက်သွားရတယ်။ အဲဒီရွာကတဆင့် စက်လှေစီးပြီးမှ လွတ်မြောက်နယ်မြေကို ရောက်တာ။ လွတ်မြောက်နယ်မြေကို ရောက်တော့မှပဲ AA တပ်သားတွေနဲ့တွေ့လို့ လမ်းမလျှောက်နိုင်တော့တဲ့လူတွေကို ချီပြီးခေါ်သွားပေးတယ်။ အဲအချိန်မှပဲ ကျနော်တို့ စိတ်ချမ်းသာသွားတယ်။ ခရီးက တစ်ညနဲ့ တစ်ရက် ကြာတယ်။

DMG - ထွက်ပြေးလာတဲ့လမ်းတလျှောက်မှာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရလဲ။

လမ်းမှာ ကြောက်စရာတွေအများကြီးပဲ။ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီးလာရတယ်။ ဖမ်းရင်လည်း ခံရမှာပဲ၊ လမ်းလျှောက်ပြီး ခိုးထွက်လာရတာ။ လမ်းစရိတ်က အရမ်းကြီးတယ်။ နီးနီးလေးကိုသွားဖို့ တုတ်တုတ်(သုံးဘီး)တစ်စီးငှားရင် ငွေကျပ်နှစ်သိန်းပေးရတယ်။ ပြီးတော့ စက်လှေနဲ့တစ်ခါ ထပ်သွားရတယ်။ စက်လှေမှာလည်း လူတစ်ယောက်ကို ငွေကျပ်နှစ်သိန်းပေးရတယ်။ စက်လှေက ချောင်းထဲမှာ ဟိုဘက်နဲ့ ဒီဘက်ကို ကူးရတာလောက်ပဲ။ ထွက်မယ့်လမ်းမှာ စစ်ကောင်စီက ထောင်ထားတဲ့ မိုင်းတွေ အများကြီးပဲ။ ဘတ်ဟိုးနဲ့တူးပြီး ဆည်လိုမျိုးလုပ်ပြီး မိုင်းတွေအများကြီးမြှုပ်ထားတာ။ သတ်ကွင်းဆင်ထားသလိုပဲ။ အဲဒီကြားထဲက လွတ်အောင်လာရတာ။

ကျနော်တို့အဖွဲ့မှာ လူ ၄၀ လောက်ပါတယ်။ ကလေးတွေ၊ အဖွားတွေ၊ မသန်စွမ်းတွေလည်း ပါကြတယ်။ ခရီးက အရမ်းကြမ်းတမ်းတယ်။ လမ်းကြောင်းသေးသေးလေးမှာ ချိန်ဆပြီးလျှောက်သွားရတာ။ ဆူးငြှောင့်ခလုတ်တွေ အများကြီးပဲ။ ကလေးတွေဆိုရင် အိပ်သူအိပ်၊ ငိုသူငိုနဲ့။ ကလေးမတစ်ယောက်ဆိုရင် ညအမှောင်မှာ မျက်လုံးသိပ်မမြင်ရတော့ မသွားနိုင်တော့လို့ ငိုတော့တာ။ အားလုံးက ဝိုင်းဝန်းဖေးမပြီး ခေါ်လာခဲ့ရတယ်။

DMG - စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့ထားမှုတွေကြားထဲက ဘယ်လိုမျိုး ထွက်ပြေးလာတာလဲ။

ကျနော်တို့က စစ်တွေမြို့ကနေ xxx သို့ သွားရတယ်။ အဲဒီကတစ်ဆင့် မိုင်းရှိတဲ့နေရာတွေကို ရှောင်ပြီး ပွဲစားတွေနဲ့ထပ်သွားရတယ်။ အဲဒီကနေချောင်းထပ်ကူးရတယ်။ ချောင်းကူးပြီးတော့ ခြေလျင်ထပ်သွားရတယ်။ လွတ်မြောက်နယ်မြေသို့ ရောက်ဖို့ ရေလမ်း ၂ ခု၊ ကုန်းလမ်းကတစ်ည အဲဒီလို သွားခဲ့ရတယ်။

သွားတဲ့လမ်းမှာ စစ်ကောင်စီနေဗီတွေက သေနတ်နဲ့ လှမ်းပစ်နေတာတွေကို ကြုံခဲ့ရတယ်။ ဒါပေမယ့် ကျနော်တို့က ငြိမ်ငြိမ်လေးနေကြတယ်၊ ဖုန်းမီးလည်းမထွန်းဘူး၊ အော်လည်းမအော်ဘူး။ သူတို့ကလည်း နီးနီးလေးလာပြီး မပစ်ရဲဘူးလေ။ မြို့ပေါ်က လူတွေဆိုရင် ထွက်ပြေးဖို့ ပိုခက်ခဲတယ်။ အသိမိတ်ဆွေတွေမရှိရင် အဆက်အသွယ်ရဖို့ ခက်ခဲတယ်။ အဆက်သွယ်ရရင်တောင် အသက်အန္တရာယ်က စိုးရိမ်ရသေးတယ်။ သွားမယ့်သူက ရဲရဲတင်းတင်း သွားရဲဖို့ လိုသေးတယ်။ ပွဲစားက အာမမခံဘူး။ သွားမယ့်သူက သွားမယ်ဆိုရင် ပွဲစားက ပို့ပေးရုံပဲ။ ခိုးပြီးသွားရတာ ဆိုတော့ အသက်နဲ့လုံခြုံရေးက အာမခံချက်မရှိဘူး။ ကံမကောင်းရင် ပါသွားမယ်။ ကံကောင်းရင် လွတ်သွားမယ်။

DMG - စစ်တွေမြို့ကနေ အသက်စွန့်ပြီး ဘာကြောင့် ထွက်လာတာရတာလဲ။

စစ်တွေမြို့မှာနေရင် အသက်အန္တရာယ် စိုးရိမ်ရတယ်။ ဘယ်နေ့ဘယ်အချိန် တိုက်ပွဲဖြစ်လာမလဲ မသိဘူး။ ပြီးတော့ တရားဉပဒေစိုးမိုးမှု မရှိဘူး။ ညဘက်တွေမှာ သူခိုးတွေကြောင့် မအိပ်ရဘူး။ အိမ်တွေကို ဖောက်ထွင်းကြတယ်။ သူခိုးတွေက လူအင်အားများတော့ လူနည်းတဲ့အိမ်တွေကို ဝင်စီးပြီး ဓားပြတိုက်မှာလည်း စိုးရိမ်ရတယ်။

စစ်ကောင်စီကလည်း ဒါတွေကို ဘာမှမလုပ်ဘူး၊ မသိဟန်ဆောင်ထားတယ်။ ပြောရရင် စစ်ကောင်စီနဲ့ အပေါင်းအပါတွေပေါ့။ အဲဒီအထဲမှာ ALP အဖွဲ့လည်း ပါတယ်။ ALP အဖွဲ့ဆိုရင် လူငယ်တွေကို ဖမ်းတယ်၊ ပိုက်ဆံတောင်းတယ်။ မပေးရင် ALP ထဲဝင်ရမယ်၊ မဝင်ရင် မလွှတ်ဘူး၊ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တော့ ကြောက်ပြီး ALP အဖွဲ့ထဲကို ဝင်ကြရတာတွေလည်း ရှိတယ်။

DMG - စစ်တွေမြို့ကနေ ထွက်ခွာလိုကြသူတွေ အများအပြားရှိနေတော့ သူတို့ရဲ့ အခြေအနေက ဘယ်လိုရှိလဲ။

စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ် မရှိကြဘူး။ တချို့ကျတော့ လမ်းစရိတ်အတွက် ငွေကြေးအဆင်မပြေကြဘူး။ အခက်အခဲတွေ အများကြီးရှိကြတယ်။ လမ်းကြောင်းတစ်ခုအတွက် လူတစ်ယောက်ကို ငွေသုံးသိန်း၊ လေးသိန်းပေးနေရတော့ ငွေတစ်သိန်းတောင် မတတ်နိုင်သူတွေမှာ ကြိတ်ပြီးနေကြရတယ်။ ပြီးရင် လမ်းမှာမိုင်းနင်းမိပြီး သေဆုံးတာတွေလည်းရှိတော့ ဖြစ်သလို ခိုကပ်ပြီး နေကြသူတွေလည်း ရှိတယ်။

မေး - ဖြည့်စွက်ပြီး ဘာများပြောချင်ပါလဲ။

စစ်တွေမြို့က ပြည်သူတွေအနေနဲ့ ကြိုးစားပြီး မြို့ထဲက ထွက်စေချင်တယ်။ စစ်တွေမြို့က အခြေနေပိုဆိုးလာမှာ။ စစ်တွေမှာစစ်ပွဲဖြစ်ရင် အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်လာရမှာ။ အဲဒီအချိန်ကျမှ နောင်တရကြမှာကို မလိုလားဘူး။ အဲဒါကြောင့် ဆင်ခြင်သုံးသပ်ကြပြီး မြို့ထဲက ထွက်စေချင်တယ်။

Most read this week

May 3, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)ကို...
May 2, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများ...
May 1, 2024
ရခိုင်ပြည်၊ မောင်တော - ဘူးသီးတောင် ကားလမ်းမရှိ စစ်ကောင်စီစခန်း ၂ ခုကို အာရက္ခတပ်တော်(AA) က ဧပြီလ...
May 1, 2024
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါနှင့်...