အချိန်အခါမဟုတ် မိုးကြောင့် စစ်ရှောင်များ အခက်ကြုံ

အချိန်အခါမဟုတ် မိုးကြောင့် စစ်ရှောင်များ အခက်ကြုံ

ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ ပျက်စီးမှု များရှိနေပြီး ထပ်မံ ဝယ်ယူရန်လည်း ခက်ခဲနေသည်ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူများက ပြောသည်။

ကရင်နီပြည်၊ ဖရူဆို အနောက်ဘက်ခြမ်းရှိ အိမ်ခြေ ၈၁ အိမ် ရှိသော ရွှေညောင်ကုန်း စစ်ရှောင်စခန်းတွင် ဧပြီလ ၁၁ ရက်နေ့က အချိန်ခါမဟုတ် ရုတ်တရက် မိုးရွာခြင်းနှင့် လေပြင်းတိုက်ခတ်ခဲ့ခြင်း တို့ကြောင့် အမိုးအကာများ ပျက်စီးကုန်သည်။

စစ်ရှောင်များအား ကူညီပေးနေသော ကယော လူငယ်အစည်းအရုံး KYO မှ တာဝန်ရှိသူတစ်ဦးက “ရွှေညောင် ကုန်း စခန်းက မိုးကြီးပြီးလေကြီးတော့ အကုန်လုံးပါကုန်တယ်ပေါ့နော သွပ်နဲ့ မိုးထားတဲ့ အိမ်တွေပါ အကုန် လှန်တယ်။ ဒါကြောင့် အခုက အရေးပေါ် လိုအပ်နေတဲ့ အနေထားမျိုးဖြစ်နေတယ်” ဟု ပြောသည်။

ရွှေညောင်ကုန်း စစ်ရှောင်စခန်းက စစ်ဘေးရှောင်နေအိမ် ၅၂ လုံး အမိုးများ ပျက်စီးခဲ့ပြီး မိုးကာများ အရေးပေါ် လိုအပ်နေသည်။

ကျန် နေအိမ် အလုံးရေ ၂၀ ကျော်က အမိုးများကလည်း တစ်နှစ်နီးပါး အသုံးပြုထားပြီးဖြစ်၍ ဆွေးမြေ့စ ပြုလာ ပြီ ဖြစ်သောကြောင့် အမိုးများ အသစ်လဲလှယ်ရန် လိုအပ်နေပြီဟု ဆိုသည်။

လက်ရှိ နေအိမ် အမိုးများ ပျက်စီးသွားသော နေအိမ်များတွင် ပြန်လည်နေထိုင်ရန် အဆင်မပြေသေးသောကြောင့်  စစ်ရှောင်စခန်းရှိ ဓမ္မာရုံနှင့် နီးစပ်ရာ ကျေးရွာများရှိ အသိဆွေမျိုးနေအိမ်တို့တွင် သွားရောက် ခိုလှုံနေကြရ သည်ဟု စစ်ရှောင်များအား ကူညီပေးနေသူက ပြောသည်။

“သူတို့ တချို့လည်း လောလောဆယ် ခန်းမဆောင် ရှိတယ်လေ။ သူတို့ ဆောက်ထားတဲ့ ခန်းမဆောင်တွေမှာ သွားနေကြတာရှိတယ်။ တချို့ကြတော့လည်း ရွာထဲမှာ ရှိတဲ့ ဆွေမျိုး အသိတွေဆီမှာ သွားနေကြတာ ရှိတယ် ပေါ့။”

အမိုးအတွက် အသုံးပြုသော မိုးကာတစ်ထည်၏ သက်တမ်းမှာ ၆ လ မှ တစ်နှစ်ခန့်သာ အသုံးခံပြီး နှစ်စဥ် မိုးရာ သီ မရောက်မှီ အသစ်လဲလှယ်ရသည်ဟု ဆိုသည်။ သို့သော် ယခုကဲ့သို့ ရာသီဥတုဆိုးဝါးမှုနှင့် ကြုံရပါက မိုးကာ လဲလှယ်ရန် ပို၍ အရေးပေါ်အခြေအနေမျိုး ဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။

ယခင်နှစ်က အလှူရှင်များမှ လာရောက်လှုဒါန်းမှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် အလှူရှင် ရှားပါးမှုကြောင့် လက်ရှိအချိန်ထိ အမိုးများ အသစ် မလဲရသေးဘူးဟု ဆိုကြသည်။

ဖရူဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းများအပြင် ပြည်နယ်အတွင်း စစ်ရှောင်အများဆုံး နေထိုင်သည့်

ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ မိုးကာတဲများ ဖြင့် နေထိုင်ကြသော စစ်ရှောင်များအတွက် လိုအပ်မှုက ပိုများသည်ဟု ဆိုကြသည်။

ကရင်နီ လူသားချင်း စာနာထောက်ထားမှု အသင်း KHT တာဝန်ရှိသူတစ်ဦးက “စစ်ရှောင်တွေ တော်တော် များ များ ဆွေမျိုးသားချင်း ရှိပါတယ်။ စ စတစ်ဖြုတ်တော့နေလို့ အဆင်ပြေတယ်ပေါ့နော။ ရေရှည်ကြာလာတဲ့ အခါ ကျတော့ သိတဲ့ အတိုင်းပဲပေါ့နော်။ အလည်သဘောမျိုးပဲ ရတယ်။ ဆွေမျိုးသားချင်းဆိုလည်း ရေရှည် ကြာကြာ နေလို့ မကောင်းဘူးပေါ့နော်။ အဲ့လိုသဘောမျိုး သက်ရောက်နေတဲ့ အခါကျတော့ ရွှေ့ပြောင်းတာ မိုးကာ၊ တာလ ပတ်နဲ့ နေတာ ပိုပြီးတော့ များတယ်ပေါ့နော်။ စစ်ဘေးရှောင်တဲ မိုးကာအိမ်နဲ့နေတဲ့ အဖွဲ့တွေက တော့ ၉၀ ရာခိုင် နှုန်း လောက်တော့ ရှိတယ်။ ဆွေမျိုးသားချင်း အိမ်မှာနေတဲ့သူကတော့ ၁၀ ရာခိုင်နှုန်းလောက် ရှိတယ်ပေါ့နော်” ဟု ပြောသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းနီးပါးရှိနေပြီး မိုးကာတဲဖြင့် နေထိုင်သော စစ် ဘေးရှောင်များအတွက် မိုးရာသီအမှီ အမိုးများ လဲရန်လိုအပ်နေသည်ဟု စစ်ဘေးရှောင် များကို ကူညီပေး နေသူများက ပြောသည်။

သို့သော် လက်ရှိ ကရင်နီပြည်တွင်း က တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေပြီး လမ်းပန်း ဆက် သွယ်ရေးပိုင်း ပြတ်တောက်နေ၍ မိုးကာဈေးနှုန်းများ မြင့်တက်လာသည်ဟု KHT တာဝန်ရှိသူက ဆက် ပြော သည်။

မိုးကာ ၁၈ ပေပတ်လည် တစ်ထည်လျှင် ယခင်က ကျပ် ၃၅,၀၀၀ စျေးရှိခဲ့ရမှာ ပြီးခဲ့သည့်နှစ်တွင် ကျပ် ၄၂,၀၀၀ ထိ မြင့်တက်ခဲ့ပြီး ယခုနှစ်တွင် လိုအပ်သလောက်ပင် ဝယ်ယူ၍ မရဖြစ်နေသည်ဟု KHT တာဝန်ရှိသူများက ပြောသည်။

ကရင်နီပြည်နယ်တွင်းက စစ်ဘေးရှောင်အများစုမှာ စစ်ရှောင်သက်တမ်း ၃ နှစ်နီးပါးရှိနေပြီ ဖြစ်ပြီး မိုးကာများ အပြင် စားနပ်ရိက္ခာများလည်း လိုအပ်နေကြသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူများက ပြောသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...