ဖွဲ့စည်းပုံပြင်ရေး အပစ်ရပ်စာချုပ်အမြန်ဆုံးရေးထိုးရေး အပါအဝင် ၁၂ချက် ပန်ဆန်းညီလာခံ သဘောတူ

ဖွဲ့စည်းပုံပြင်ရေး အပစ်ရပ်စာချုပ်အမြန်ဆုံးရေးထိုးရေး အပါအဝင် ၁၂ချက် ပန်ဆန်းညီလာခံ သဘောတူ
by -
မဇ္ဈိမ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ ပန်ဆန်းတွင် ငါးရက်ကြာ ကျင်းပသည့် မျက်နှာစုံညီ အစည်းအဝေးအပြီး ဖွဲ့စည်းပုံ ပြင်ဆင်ကာ ဒီမိုကရေစီနည်းကျသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး တောင်းဆိုချက်၊ အပစ်အခတ် မရပ်စဲနိုင်သေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များပါ ပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စာချုပ် အမြန်ဆုံး ချုပ်ဆိုနိုင်ရေးအပါအဝင် အချက် ၁၂ချက်ကို သဘောတူ ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် ငြိမ်းချမ်းသည့် နိုင်ငံတော်ကို တည်ဆောက်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲကာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး၊ အာမခံချက် ပြည့်ဝသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန် တောင်းဆိုထားသည်။

ထုတ်ပြန်လိုက်သည့် အချက်များ နှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ ပထမခေါင်းဆောင် ဦးအေးသာအောင်က "ပန်ဆန်းညီလာခံမှာ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့၊ မြန်မာနိုင်ငံကို ပြန်ပြီးတော့ တည်ဆောက်မယ့် နေရာမှာ လိုအပ်တဲ့ တောင်းဆိုချက်တွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်"ဟု မဇ္စျိမကို ပြောသည်။

တိုင်းရင်းသား ခေါင်းဆောင်များက လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်ရန် တောင်းဆိုလိုက်ပြီး ပြည်တွင်းစစ် ရပ်ရေးအတွက်လည်း နိုင်ငံရေးအရ ဖြေရှင်းပြီး အပစ်အခတ်မရပ်စဲနိုင်သေးသည့် လက်နက်ကိုင်အဖွဲ့များပါ ပါဝင်သည့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် နှင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ၊ တရုတ်တို့ကို ထဲထဲဝင်ဝင် စောင့်ကြည့် ကြီးကြပ်ခွင့်ပေးရန်လည်း တောင်းဆိုလိုက်သည်။ တစ်နိုင်ငံလုံး နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရာတွင်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သင့်သည်ဟုလည်း ဆိုထားသည်။

သို့သော် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)တွင် ပါဝင်သည့် အချက်အချို့သည် မတိကျမှုများ ရှိနေသေး၍ မေလအတွင်း ပြုလုပ်မည့် NCCT အစည်းအဝေးတွင် တင်ပြကာ ပြန်လည် သုံးသပ် ဆွေးနွေးဦးမည်ဟုလည်း NCCT ခေါင်းဆောင် နိုင်ဟံသာက ယခု ထိပ်သီး အစည်းအဝေးအတွင်း၌ပင် ပြောဆိုထားခဲ့သည်။ သမ္မတကမူ အပစ်ရပ် လက်မှတ်ထိုးရန် အစိုးရ အနေဖြင့် အဆင်သင့်ဖြစ်ပြီဟု ၎င်း၏ လစဉ်မိန့်ခွန်းတွင် ပြောကြားထားသည်။

"နှစ်ဦးနှစ်ဖက် သဘောတူရာမှာ တိကျတဲ့ စစ်ရေးနိုင်ငံရေး အာမခံချက်တွေ ရှိဖို့လိုတယ်။ ဒါမှ ရည်ရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်မယ်။ အဲဒီ့ကနေမှ ပြည်တွင်းငြိမ်းချမ်းရေးကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်တယ်။ မရေရာ၊ မသေချာတဲ့သဘော၊ စစ်ရေးနိုင်ငံရေး တကယ့်ကို အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု မရှိဘဲ လက်မှတ်ထိုးလိုက်ရင် မကြာခင် ဒီအဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်လာရင် ရည်ရှည်တည်တံ့တဲ့ အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ပြောချင်တယ်။ နောက်တခုက NCA လက်မှတ်ထိုးရာမှာ မပါတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဖို့လည်း လိုတယ်။ ကျွန်တော့်အနေနဲ့က အားလုံး ပါဝင်စေချင်တဲ့ သဘောကို ပြောချင်ပါတယ်"ဟု ရခိုင်အမျိုးသားပါတီ၏ ပထမခေါင်းဆောင် ဦးအေးသာအောင်က သုံးသပ်ထားသည်။

ယင်းအပြင် ဝ အမျိုးသား ပြည်နယ်အဆင့် တောင်းဆိုထားမှုကို အစည်းအဝေး တက်ရောက်လာသည့် အဖွဲ့အများစု က ထောက်ခံကြောင်း အပါအဝင် အချက် ၁၂ချက်ကို မေ ၆ရက်က အစည်းအဝေးအပြီး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

'ဝ' ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရထံ တင်ပြထားပြီးဖြစ်သလို ပန်ဆန်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသားခေါင်းဆောင်များ အနေဖြင့်လည်း ထောက်ခံပေးရန် 'ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၏ စစ်သေနာပတိချုပ် ပေါက်ယိုချမ်းက အစည်းအဝေး ပထမနေ့ အဖွင့်မိန့်ခွန်းတွင် ပြောခဲ့ခြင်းဖြစ်သည်။

ဝပြည်နယ် တောင်းခံမှု နှင့် ပတ်သက်၍မူ "ကျွန်တော့်အမြင်မှာကတော့ ဝ အနေနဲ့ ပြည်နယ်တောင်းနေတာ ကြာပြီ။ ဒါပေမယ့် တကယ်ပြည်နယ် အဆင့်တခုကို ရရှိဖို့ ဘယ်လို အခြေခံအချက်တွေနဲ့ လိုမလဲ။ ပြီးတော့ ရှမ်းပြည်နယ် ဖြစ်နေတော့ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ အခြားအခြား တိုင်းရင်းသားများရဲ့ သဘောထားက ဘယ်လိုရှိသလဲ။ ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ ပြင်ဖို့ကော ဘယ်လို အနေအထား ရှိသလဲ။ ဒါတွေအားလုံး ခြံုငုံသုံးသပ်ပြီးတော့ ဝ က ပြည်နယ်တခု အနေနဲ့ကို စဉ်းစားသုံးသပ်ဖို့လိုပါတယ်"ဟု ၎င်း၏ အမြင်ကို ပြောသည်။

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း လက်ရှိပြဌာန်းထားသည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ 'ဝ' ဒေသသည် ပြည်နယ်အဖြစ် သတ်မှတ်မထားသည့်အတွက် အခြေခံဥပဒေပြင်ဆင်ရေးအပေါ် မူတည်သည်ဟု မေ ၁ရက်က မဇ္စျိမကို ပြောထားသည်။

မေလ ၁ရက်မှ ၆ရက်အထိ ငါးရက်ကြာ (မေ ၃ရက်က ဆွေးနွေးမှု တရက်နား) ကျင်းပခဲ့သည့် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) ဌာနချုပ် ပန်ဆန်းတွင် ပြုလုပ်သည့် တိုင်းရင်းသား ညီလာခံတွင် UWSP အပါအဝင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ရှမ်းပြည်အရှေ့ပိုင်း (NDAA-ESS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/SSA)၊  ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSPP)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA/PSLF)၊ နှင့် ရက္ခိုင့်တပ်မတော် (AA) စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ဖွဲဲ့မှ ကိုယ်စားလှယ်များ နှင့် လေ့လာသူများ စုစုပေါင်း ၆၅ဦး တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းထိပ်သီး အစည်းအဝေးကို UWSPက ဦးဆောင်ကာ ကမကထ ပြုခဲ့ခြင်း ဖြစ်ပြီး အခြားသော လက်နက်ကိုင်အဖွဲ့များ နှင့်လည်း ယင်းကဲ့သို့ အစည်းအဝေးများကို ဝအဖွဲ့က ဦးဆောင်ကာ သင့်တော်သည့် အချိန်တွင် ထပ်မံကျင်းပသွားမည်ဟု ထုတ်ပြန်ထားသေးသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...