ဖမ်းဆီးခံနှင့် အမှုရင်ဆိုင်နေရသည့် သတင်းသမားများ ပြစ်ဒဏ်ကင်းလွတ်ပေးရန် လွှတ်တော် ကော်မတီဝင် တောင်းဆို

ဖမ်းဆီးခံနှင့် အမှုရင်ဆိုင်နေရသည့် သတင်းသမားများ ပြစ်ဒဏ်ကင်းလွတ်ပေးရန် လွှတ်တော် ကော်မတီဝင် တောင်းဆို
by -
မဇ္ဈိမ
ဖမ်းဆီးထောင်ကျ ခံနေရသည့် သတင်းသမားများနှင့် အစိုးရနှင့် အမှုရင်ဆိုင်နေရသည့် သတင်းသမားများအား အပြစ်ဒဏ်မှ ကင်းလွတ်ပေးရန် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီကိုယ်စား အဖွဲ့ဝင် ဦးခိုင်မောင်ရီက ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် တောင်းဆိုခဲ့သည်။

"မီဒီယာလွတ်လပ်မှုနဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ တရားစွဲမှုတွေ ဖြေလျော့ဖို့၊ ဒီကနေ နိုင်ငံတော် ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကနေ (တဆင့်) တောင်းဆိုပါတယ်။ ထောင်ကျနေတဲ့ မီဒီယာသမားတွေကိုလည်း ပြစ်ဒဏ်ကနေ ကင်းလွတ်ဖို့ မေတ္တာရပ်ခံပါတယ်" ဟု ၎င်းက ဆိုသည်။

၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှ စ၍ သတင်းမီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ပြီး သတင်းသမားများအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း ယင်းလုပ်ရပ်များကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တိုင်းတာသည့် သတင်းဆင်ဆာ တင်းကျပ်သည့် နိုင်ငံ ၁၀နိုင်ငံ စာရင်းအပြင် သတင်းလွတ်လပ်ခွင့် အဆင့် ၃ဆင့်ထိ လျော့ကျခဲ့သည်ဟု မြန်မာဂျာနယ်လစ် ကွန်ယက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။

မြန်မာနိုင်ငံရှိ သတင်းမီဒီယာများအကြား အပြန်အလှန် တရားစွဲဆိုသည့် အမှုမှာ အများဆုံးဖြစ်ပြီး အစိုးရနှင့် ပက်သက်သည့် တရားစွဲဆိုမှုမှာ ၂ မှုသာရှိပြီး မီဒီယာအချင်းအချင်း တရားစွဲဆိုသည့် အမှုပေါင်းမှာ ၂၀ ထိ ရှိနေသည်ဟု ဦးရဲထွဋ်က ဆိုသည်။

"စနစ်ဟောင်းကို စွဲကိုင်သူတွေက ပြောင်းလဲမှုကို ဆန့်ကျင်မှုတွေ ရှိနေခြင်းကြောင့် သတင်းသမားများ ရိုက်နှက်၊ အကျဉ်းကျ၊ ထောင်ချ ခံရခြင်းတွေ ဖြစ်နေကြရတယ်" ဟု စာနယ်ဇင်းကောင်စီ (ယာယီ)၏ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ စာတမ်းတွင် ထည့်သွင်းရေးသားထားသည်။

စာနယ်ဇင်းကောင်စီ (ယာယီ) စတင် ဖွဲ့စည်းခဲ့သည့် အချိန်မှ စပြီး ၂ နှစ်အတွင်း  အမှုပေါင်း ၁၀၀ ကို ညှိနှိုင်းဖြေရှင်း ပေးထားသည် ဟု ကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောသည်။

သတင်းသမားများနှင့် သက်ဆိုင်သည့် သတင်းမီဒီယာ ဥပဒေကိုလည်း ၂၀၁၄ ခုနှစ် ဧပြီလတွင် လွှတ်တော်က အတည်ပြု ပြဌာန်းပြီး ဖြစ်သော်လည်း ယနေ့ထိ ဝန်ကြီးဌာနက ရေးဆွဲနေသည့် နည်းဥပဒေကိုမူ ထုတ်ပြန်ကြေငြာနိုင်ခြင်း မရှိသေးပေ။

သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီး ၂၀၁၁ နောက်ပိုင်းတွင် ဖမ်းဆီးထောင်ချခံရသည့် သတင်းထောက် ၁၇ ဦးရှိပြီဖြစ်ပြီး လက်ရှိတွင် အကျဉ်းထောင် အသီးသီး၌ အကျဉ်းကျ ခံနေရသည့် သတင်းထောက် ၁၂ ဦး ရှိသည်။ ယင်းအပြင် ဖမ်းဆီးခံရသည့် အလွတ်သတင်းထောက် ကိုပါကြီးမှာ အသတ်ခံခဲ့ရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...