CCMT ၏ အပစ်အခပ်ရပ်စဲရေးသဘောတူညီချက် ချိုးဖောက်မှု ကွင်းဆင်းလေ့လာချက်တွင် CNF ဖက်မှ (၄) ကြိမ်၊ အစိုးရတပ်ဖက်မှ (၁၀) ကြိမ် ချိုးဖောက်ကြောင်း တင်ပြရှင်းလင်းခဲ့ရာတွင် စစ်ဖက်ဆိုင်ရာ သဘောတူညီချက်များအား ချိုး ဖောက်မှုပိုများသည်ဟု သိရသည်။
နှစ်ဦးနှစ်ဖက်မှ ချိုးဖောက်ထားသည့် အချက်များတွင် အစိုးရစစ်တပ်ဖက်မှ CNF အခြေစိုက်ရာနယ်မြေသို့ ၀င်ရောက်ခြင်း၊ ချင်းပြည်နယ်အတွင်း အစိုးရစစ်တပ်နှင့် ချင်းအမျိုးသားတပ်မတော်မဟုတ်သော အခြားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေခြင်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း အစိုးရတပ်နှင့် အခြားလက်နက်ကိုင်တပ်များ တိုက်ပွဲဖြစ်ပွားခြင်း၊ ချင်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ပူးပေါင်းတိုက်ဖျက်ရေး၊ CCMT မှ ပဋိပက္ခဖြေရှင်းမှုဆိုင်ရာများအပေါ် အမြင်များဖလှယ်ခြင်း တို့ကို ညှိနှိုင်းရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြသည်။
CNF ဖက်မှ ထန်တလန်ဆက်ဆံရေးရုံးဒုတိယ တာဝန်ခံ Pu Bil Cung က CNF တပ်စခန်းသို့ အစိုးရတပ်များ ၀င် ရောက်ခြင်းသည် သဘောတူညီချက်ပါအတိုင်း ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ၀င်ရောက်ခြင်းဖြစ်သဖြင့် သဘော တူညီချက်များကို လေးစားလိုက်နာသင့်ကြောင်း ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးမှ ပြန်လည်ရှင်းလင်းရာတွင် CCMT တင်ပြချက်များအရ သဘောတူညီချက် ချိုးဖောက်မှု သဘောဖြစ်သွားပေမယ့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်လောက်သည့် အခြေအနေ မဟုတ်ကြောင်း၊ နယ်မြေခံ ဗျူဟာတပ်များသည် မိမိသဘောအရ လုပ်တာ မဟုတ်ကြောင်း အထက်အမိန့်အရ လုပ်တာဖြစ်ကြောင်း ယင်းကိစ္စကို အထက်သို့ ပြန်လည်တင်ပြပြီး လူကြီးချင်းပြောရမည်ဖြစ်ကြောင်း ပြောခဲ့သည်။
မူးယစ်ဆေးဝါးတိုက်ဖျက်မှုနှင့် ပါတ်သက်ပြီး ပြည်နယ်ရဲမှူးကြီး ဦးမြင့်လွင်က ချင်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်မှုတွင် အစိုးရ၊ CNF နဲ့ ဘာသာရေး အသင်းအဖွဲ့များကလည်း ပူးပေါင်းပါ၀င်သင့်ကြောင်း ပြောခဲ့သည်။
ယခု တွေ့ဆုံမှုသည် CCMT က အစိုးရနှင့် CNF တို့ နှစ်ဦးနှစ်ဖက် သဘောတူညီချက် ချိုးဖောက်မှုများအပေါ် ပထမဆုံး အကြိမ် တွေ့ဆုံပြီး ရှင်းလင်းချက် ပြုလုပ်ခြင်းဖြစ်သည်။
CCMT ဥက္ကဌ သိက္ခာတော်ရ ဆရာတော် Lal Uk နှင့် အတွင်းရေးမှူး ဆရာ TluangCeu ဦးဆောင်သည့် အဆိုပါ ရှင်းလင်းပွဲသို့ အစိုးရဖက်မှ ချင်းပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ပြည်နယ်ရဲမှူးကြီး ဦးမြင့်လွင်၊ ဟားခါးမြို့အခြေစိုက် ခလရ (၂၆၆) မှ ဗိုလ်မှူး ရာဇာလှညွန့်၊ ဗိုလ်မှူး ဝေလင်းဦး၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်မှူး မြင့်ဇော်ထက်နှင့် ဗိုလ်မှူး သန့်ဇင်ဦးတို့ တက်ရောက်ပြီး CNF ဖက်မှ အထွေထွေအတွင်းရေးမှူး (၃) ပူးခွါအုပ်လျန်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဒုတိယ ဗိုလ်မှူးကြီး ဗျက်လိန်း၊ ဒုတိယ ဗိုလ်မှူးကြီး ဆန်းလျန်ထန်၊ ထန်တလန် ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ပူးဘီလ်ကျုံး၊ မတူပီ ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ ပူးမန်လိုင်းတို့ တက် ရောက်ကြသည်။







