မေဒေးနေ့တွင် အခြေခံလစာ တစ်ရက် ၅၆၀၀ရရေး ဆန္ဒပြတောင်ဆို

မေဒေးနေ့တွင် အခြေခံလစာ တစ်ရက် ၅၆၀၀ရရေး ဆန္ဒပြတောင်ဆို
by -
မဇ္ဈိမ
အလုပ်သမားအရေး မဖြေရှင်းနိုင်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပြင် နိုင်ငံ့စီးပွားရေးပါ ထိခိုက်နိုင်ဟု သမ္မတပြော မေလ ၁ရက်တွင် ကျရောက်သည့် (၁၂၅) နှစ်မြောက် အလုပ်သမားနေ့တွင် အခြေခံလုပ်ခလစာ တစ်ရက် ၅၆၀၀ ရရှိရေးအတွက် အလုပ်သမား ၂၀၀ခန့်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှ ကျိုက္ကဆံလူထုဟစ်တိုင်သို့ ချီတက်ဆန္ဒပြခဲ့သည်။ ယင်းဆန္ဒထုတ်ဖော်ပွဲကို လူ ၂၀၀၀ ဖြင့် ပြရန် စီစဉ်ခဲ့ပြီး လူ ၅၀၀သာ ခွင့်ပြုမိန့်ကျခဲ့သည်ဟု Gallant osean အအေးခန်းစက်ရုံ မှ အလုပ်သမားခေါင်းဆောင် မလှလှက မဇ္ဈိမကို ပြောသည်။

"အလုပ်သမားတွေ ၅၆၀၀တောင်းတယ်ဆိုတာ တနေ့ထမင်းတစ်နပ်ကို ၈၀၀နှုန်းနဲ့ပဲတွက် သုံးနပ်စားရတယ်၊ တစ်လကို အဆောင်ခက သုံးသောင်းခွဲလေးသောင်း ပေးနေရတယ်၊ နေမကောင်းဘူးဆိုရင် လူမှုဖူလုံရေး ဝန်ကြီးဌာနကို သွားပြတယ် အရမ်းနေမကောင်းတဲ့သူ ကားငှားရတယ်၊ ဆေးခန်းကပေးတဲ့ဆေးက မသက်သာရင် အပြင်မှာပြရတယ်၊ အဝတ်အစားစရိတ်ရှိတယ်။ တစ်လကို တစ်သိန်းခွဲလောက်ရမှ ဖြစ်မယ်။ နောက်မှာမှီခိုတဲ့ မိသားစုရှိသေးတယ်" ဟု ၎င်းကပြောသည်။

ဆန္ဒပြရာတွင် အလုပ်သမားတစ်ဦး တစ်နေ့ လုပ်အားခ ၅၆၀၀ ရရှိရေးအပြင် ဖမ်းဆီးခံ အလုပ်သမားများ၊ လယ်သမားများ၊ ကျောင်းသားများ ပြန်လွှတ်ပေးရေး၊ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ သိမ်းဆည်းခံ လယ်မြေများ ပြန်ရရေးစသည့် အချက် ၁၁ချက်ကို တောင်းဆိုကာ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် စုရပ်ပြုလုပ်ကာ တာမွေမြို့နယ် အနောက်မျဉ်းပြိုင်ကွင်းလမ်းရှိ ဟစ်တိုင်ကွင်းသို့ လမ်းလျှောက် ဆန္ဒပြခဲ့သည်။

ထိုသို့ ဆန္ဒပြ တောင်းဆိုမှုများကို မဖြေရှင်းနိုင်ပါက သို့မဟုတ် လျော့နည်းသွားအောင် မလုပ်ဆောင်နိုင်ပါက နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကို အဟန့်အတား ဖြစ်စေနိုင်မည့် အပြင် တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့ ဆောင်ရွက်မည့် အစီအစဉ်လည်း နှောင့်နှေးသွားနိုင်သည်ဟု သမ္မတဦးသိန်းစိန်က အလုပ်သမားနေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

"အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက် ရှိသည့် နိုင်ငံတော်၏ စီးပွားရေးအပေါ်၌လည်း မလိုလားအပ်သည့် သက်ရောက်မှုများ ကျရောက်လာနိုင်မည့် အခြေအနေကိုလည်း သတိပြုရန် လိုအပ်ပါသည်"ဟု သမ္မတက ပြောဆိုထားသည်။

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုကို သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်းလိုက်ပါက အေးအေးချမ်းချမ်း လုပ်ငန်းခွင်မပျက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကာ ထိုသို့ မဆောင်ရွက်ဘဲ ကိုယ်စီဆန္ဒများဖြင့် ဥပဒေကို မျက်ကွယ်ပြု ဖြေရှင်းနေပါက ကုန်ထုတ်လုပ်ငန်းများ ထိခိုက်စေသည့်အပြင် အလုပ်ရှင်၊ အလုပ်သမား အကြိုးစီးပွားပါ ထိခိုက်နိုင်သည်ဟု ဆိုထားသည်။

လက်ရှိတွင် အခြေခံအလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ရန် အလုပ်သမားများ၊ အလုပ်သမား အဖွဲ့များက တောင်းဆိုလျက်ရှိသော်လည်း လက်တွေ့တွင်မူ အလုပ်ရှင်၊ အလုပ်သမားများကြား နှုန်းထားကွာဟမှုကြောင့် ယခုအချိန်ထိ မသတ်မှတ်နိုင်သေးပေ။

"အခြေခံလုပ်သားတွေ ချွတ်ခြံုကျနေတဲ့ဘဝမှာ တစ်နေ့ကို ၃၅၀၀၊ ၄၀၀၀တောင် မပေးနိုင်ဘူးဆိုတာ၊ အလုပ်ရှင်တွေ အကျိုးအမြတ်မရှိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"ဟု အလုပ်သမားအရင်းအမြစ် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (LRC)မှ တာဝန်ရှိသူ ဒေါ်အိရွှေစင်ညွှန့်က မေဒေးနေ့ဆန္ဒပြပွဲတွင် မီဒီယာများကို ပြောသည်။

မေ ၁ရက်နေ့တွင် အလုပ်သမားများက လှိုင်သာယာမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ကမာရွတ်မြို့နယ်များကို အလုပ်သမားအင်းအား နှစ်ထောင်ဖြင့် စီတန်းလှည့်လည် ဆန္ဒပြရန် စီစဉ်ကာ သက်ဆိုင်ရာ ရဲစခန်းများကို ခွင့်ပြုမိန့် တင်ခဲ့သော်လည်း ခွင့်မပြုဘဲ ဗိုလ်စိန်မှန်ကွင်းတွင်သာ ဆန္ဒပြရန်နှင့် ဟောပြောမှု မလုပ်ရန်နှင့် လူ ၅၀၀ထက်မပိုရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီမြို့နယ်တို့ရှိ Yes သကြားလုံးစက်ရုံ၊ Gallant Ocean အအေးခန်း၊ စံကောင်း ပီနံအိတ်၊ ရွှေစွမ်းရည် ပီနံအိတ်၊ မာမီးခေါက်ဆွဲစက်ရုံ၊ တိုင်ရီဖိနပ်စက်ရုံ အပါအဝင် စက်ရုံ (၁၀)ရုံမှ အလုပ်သမားအင်းအား ၅၀၀ဖြင့် ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်သည်။ ဧပြီ ၂၅ရက် ကုန်သည်/ စက်မှု အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီး ဌာနနှင့် တွေ့ဆုံပွဲတွင် အနည်းဆုံး အခကြေးငွေကို တစ်နေ့ ၁၅၀၀ကျပ်နှုန်း သတ်မှတ်ရန် အလုပ်ရှင် အဖွဲ့အစည်းတို့က တင်ပြခဲ့ကြသည်။

၂၀၁၃ခုနှစ် ဒီဇင်ဘာ ၂၀တွင် ဖွဲ့စည်းခဲ့သည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီသည် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အတွက် အလုပ်သမား၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် ၂၆ကြိမ်တိုင် ဆွေးနွေးထားသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် တိုင်းနှင့် ပြည်နယ် ၁၅ခု၏ မြို့နယ် ၁၀၈မြို့နယ်၊ အိမ်ထောင်စုပေါင်း ၂၂၀၃၂ ကို ၂၀၁၅ခုနှစ် ဇန်နဝါရီ ၂၆မှ ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်တမ်းကောက်ယူ ခဲ့ရာတွင် ၃၀၀၀ မှ ၄၀၀၀ ကျပ် အဆိုပြုမှု ၁၇ကြိမ် အများဆုံး၊ ၅၀၀၀ ကျပ် အဆိုပြုမှု ၁၅ကြိမ် ဒုတိယ အများဆုံး၊ နှင့် ၂၅၀၀ ကျပ် အဆိုပြုမှု ၁၀ကြိမ် တတိယအများဆုံးအဖြစ် ရရှိခဲ့သည်ဟု အခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီ၏ အချက်အလက်များကို နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြ ပါရှိသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...