'ဝ' ပြည်နယ် သတ်မှတ်နိုင်ရန် တိုင်းရင်းသားများထောက်ခံဖို့ ပေါက်ယိုချမ်းပြော

'ဝ' ပြည်နယ် သတ်မှတ်နိုင်ရန် တိုင်းရင်းသားများထောက်ခံဖို့ ပေါက်ယိုချမ်းပြော
by -
မဇ္ဈိမ
 'ဝ' ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရထံ တင်ပြထားပြီးဖြစ်သလို ပန်ဆန်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသားခေါင်းဆောင်များ အနေဖြင့်လည်း ထောက်ခံပေးရန် 'ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၏ စစ်သေနာပတိချုပ် ပေါက်ယိုချမ်းက ပြောဆိုလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၂ဖွဲ့တက်ရောက်ကာ 'ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်းမြို့တွင် မေလ ၁ရက်က စတင်ကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် ပေါက်ယိုချမ်းက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

"သမိုင်းစာရွက်စာတမ်းများနှင့် ပြည်သူလူထုကြီး၏ ပြင်းပြသော တောင်းဆိုမှုအရ ကျွန်တော်တို့သည် ပြည်ထောင်စု အစိုးရထံသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် လျှောက်လွှာကို တင်ပြပေးခဲ့ပြီးဖြစ်ပါသည်။ ဒီအကြိမ် တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် အဖွဲ့အစည်းခေါင်းဆောင်ကြီးများ၏ စာနာနားလည်မှုနှင့် ထောက်ခံမှုများကိုလည်း ရရှိနိုင်ရန် မျှော်လင့်ပါသည်" ဟု ပေါက်ယိုချမ်းက ပြောသည်။

ယင်းပြောဆိုချက်အပေါ် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အမျိုးသားအခွင့်အရေးနှင့် နိုင်ငံရေးပြဿနာကြောင့်ဟု သုံးသပ်ကာ လက်ရှိပြဌာန်းထားသည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ 'ဝ' ဒေသသည် ပြည်နယ်အဖြစ် သတ်မှတ်မထားသည့်အတွက် အခြေခံဥပဒေပြင်ဆင်ရေးအပေါ် မူတည်သည်ဟု ဆိုသည်။

"အခုလက်ရှိ အခြေခံဥပဒေမှာ 'ဝ' ပြည်နယ် မပါဘူး။ မပါတဲ့အတွက် အခုလက်ရှိ အခြေခံဥပဒေအတိုင်းပဲ ရှိနေတယ်။ အစိုးရက 'ဝ'ကို ပြည်နယ်ပေးချင်တိုင်း ပေးလို့မရဘူး" ဟု ဦးဇော်ဌေးက မဇ္ဈိမကို ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ အတွင်းရေးမှူးဖြစ်သူ ဦးစိုင်းညွှန့်လွင်ကမူ "ဒါတွေက စဉ်းစားစရာတွေ အများကြီးဗျ" ဟုဆိုကာ လက်ရှိအနေအထားတွင် မှတ်ချက်မပေးလိုကြောင်း ပြောသည်။

ပန်ဆန်းထိပ်သီးအစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၂ဖွဲ့ တက်ရောက်ခွင့်ရပြီး အဆိုပါ အဖွဲ့များမှာ ရှမ်းပြည် ပြည်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ 'ဝ' ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (UWSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၊ ရခိုင့်တပ်မတော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ကိုးကန့်အဖွဲ့(MNDAA)နှင့် မိုင်းလားအဖွဲ့(NDAA)တို့ ဖြစ်သည်။

ထိပ်သီးအစည်းအဝေး ကျင်းပရသည့် ရည်ရွယ်ချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော်ရန်အတွက် ဖြစ်သည်ဟု ပေါက်ယိုချမ်းက ထိပ်သီးအစည်းအဝေးတွင် ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...